Thursday, September 16, 2010

ကော်ပီ ၈

စာမျက်နှာ ရှစ် ထိုချောင်းရိုကလေးမှအတက်တွင် လူတော်တော်များများ မျှော့တွယ်ခံလိုက်ရသည်..။ ..“ လုပ်ကြပါဦး.....လုပ်ကြပါဦး.....” လမ်းပြများရောက်လာသည်ကျွန်တော်လည်းရောက်သွားသည် ..“ ဘာဖြစ်တာလဲ...” ..“ ကျွန်တော့်ပေါင်ထဲ..မျှော့ဝင်သွားတယ်..လုပ်ပါဦး....” သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် အော်ဟစ် ပွတ်သတ် ကုတ်ခြစ်နေသည်။ ကျွန်တော့်အနီးရှိ လမ်းပြတစ်ဦးထံမှ ဒါးကိုတောင်းရာ လမ်းပြကလုံးဝမပေးပေ..။ ..“ ဒီမှာ..သူတို့ကတော့ ကျွန်တော်တို့ကို ဒါးတော့ပေးမှာမဟုတ်ဘူး..သူတို့အတွက် အန္တရာယ်ရှိတယ်....” ..“ ဒါဆိုရင်...ဘယ်လိုလုပ်မလဲ....” ..“ ခင်ဗျားကလဲဗျာ...မျော့တွယ်တာမသေနိုင်ပါဘူး....ခင်ဗျားဘောင်းဘီကို ချွတ်လိုက်....” ကျွန်တော်ပြောမှ သုလည်းသတိရ၍ ဘောင်းဘီကိုချွတ်လိုက်ရာ ပေါင်တွင်အတော် ကြီးသောကျွဲမျှော့ကြီးတစ်ကောင် တွယ်ကပ်နေသည်ကိုတွေ့လိုက်ရသည်။ကျွန်တော် လက်နှင့်ကိုင်ဆွဲဖြုတ်ပြီး အဝေးသို့လွှင့်ပစ်လိုက်သည်။ ကျွန်တော်က မျှော့ကိုတော့ သိပ်မကြောက်ပါ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ငယ်စဉ်ကလေးဘဝက ကျွဲလူး အိုင်များတွင် မကြာခဏနေ့စဉ်နီးပါး ရေကူးဆော့ကစားလေ့ ရှိသောကြောင့်ပင်...။ ကျွန်တော်လည်း ခြေဖျားမှခေါင်းအထိ လက်ဖြင့်အသာပွတ်၍ ခန္ခာကိုယ်တွင် မျှော့တွယ် မတွယ်စမ်းသပ်ကြည့်လိုက်သည် မရှိ..။ အခြားလူတွေလည်း ထိုလူထံမှမျှော့ကို ကြည့်၍ အင်္ကျီချွတ် ၊ဘောင်းဘီချွတ် ၍ တစ်ကိုယ်လုံးအနှံ့ ရှာဖွေကုန်ကြတော့သည်........။ သို့နှင့်ပင်ခရီးဆက်ကြရပြန်သည်။ကျွန်တော်တို့သည် ထိုင်းနယ်စပ်မှ ည ၁၁ နာရီခန့်လောက် တွင်ခရီးစတင်ထွက်ခွါခဲ့ရာ ယခု ည ၃ နာရီတိုင်အောင် တောထဲတွင်တစ် လည်လည်ဖြင့် လိုရာခရီးသို့မရောက်နိုင်သေးပေ.....။တောထဲတွင် ဘင်္ဂလားအဖွဲ့များနှင့်လည်းဆုံကြသေး သည်ထိုဘင်္ဂလားအဖွဲ့သည်လူ ၁၀၀ ကျော်သည်ဟု သိရသည်။သဘောကောင်းကြသည်..။ သူတို့လမ်းပြများက တောကျွမ်းပုံရသည်။ မကြာခင် သူတို့ခရီးဆုံးတော့မည်ဖြစ်သဖြင့် သူတို့တွင် ပါသော ကျန်သော ပေါင်မုန့်များ ၊ဘီစကစ်များ ၊ကိတ်မုန့်များ ၊ရေဗူးများ ကို ကျွန်တော်တို့အဖွဲ့အားပေးခဲ့ကြသည်...။ခဏနားပြီးသော် ခရီးဆက်ကြရပြန်သည်။ တစ်နေရာအရောက်တွင် လမ်းပြများက ခြေအိတ်များ ၊ ဖိနပ်များ ကိုချွတ်ခိုင်းသည်ခြေဗလာ ဖြင့်ခရီးဆက်ရမည်ဟုပြော၍` ကျွန်တော်ခြေအိတ်ဖိနပ်များကိုချွတ်ပြီး ဖိနပ်ကြိုး ထိပ်စနှစ်ခုကို ပူးတွဲချည်နှောင်လိုက်ပြီး လည်ပင်းတွင်ချိတ်ဆွဲလိုက်သည်..။ ခရီးဆောင်အိတ်ပျော့၏ လက်ကိုင်ကွင်းထဲသို့ လက်နှစ်ဖက်ကို လျှိုသွင်းလိုက်ပြီး ရင်ဘတ်ရှေ့တွင် ပူးတွဲချည်နှောင် လိုက်ရင်းရှေ့ဆက်ရမည့်ခရီးအတွက်စဉ်းစား၍ ရင်လေးနေမိတော့သည်...။ ကျွန်တော်တို့ ရှေ့ဆက်ဖြတ်သန်းရမည့်တောသည် မည်မျှနက်ရှိုင်းသည်တော့မသိ မျောက်အော်သံများ တစ်ခြားအကောင်ပလောင်တို့ အော်သံများကို အတိုင်းသား ကြားနေရသည်...။နောက်ဆုံး တောကိုဖြတ်သန်းရန် လမ်းပြများစတင်ထွက်ခွါသည်။ တောထဲသို့ စဝင်လိုက်သည်နှင့် ပေါင်ရင်းခန့်နက်သောရေပြင်နှင့် ရေပြင်အောက်တွင် သစ်ပင်ကြီးတို့၏ သစ်မြစ်များ ရောယှက်လျှက် ခြေချော်လဲလိုက် ပြန်ထလျှောက်လိုက်ဖြင့် အားလုံးဝရုံးသုံးကား ခရီးဆက်နေကြရသည်။လမ်းပြများက ဖိနပ်များကို ချွတ်ခိုင်းစဉ်က သဘောမပေါက် ယခုမှသိရတော့သည် ဖိနပ်နှင့်သာလျှောက်ပါက ဒီထက်ပို၍ ဒုက္ခရောက်ဖို့များသည်။ဖိနပ်သည် ဆူးညှောင့်ခလုတ် ကန်သင်းတို့ကိုသာ ကာကွယ်ပေး နိုင်သော်လည်း ရေညှိများဖြင့် ချောမွတ်နေသော မညီမညာ သစ်မြစ်များပေါ်တွင်မူ ဘယ်လိုမှခရီးမတွင်အဆင်မပြေနိုင်ပေ။ ကိုယ်ပိုင်ခြေဗလာသာလျှင် အကောင်ဆုံးဖြစ်သည်ကို သဘောပေါက်နားလည်လိုက်ရသည်.....။ ဖြတ်သန်းလာခဲ့သမျှ လမ်းတစ်လျှောက်တွင် ယခုဖြတ်သန်းရသော တောလောက် မနက်ရှိုင်း ၊ မခက်ခဲ ၊ မကြမ်းတမ်း ၊ဟုထင်ရသည်..။ လူတို့သည် ဒုက္ခများကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရစဉ်က တော်တော်တုန်လှူပ် ခြောက်ခြား ခဲ့ကြသည် ..။ ထိုဒုက္ခ အခက်အခဲများမှ ကင်းဝေးလွန်မြောက်ခဲ့ပြီး နောက်ထပ်တွေ့ရသော အခက်အခဲ ပြဿနာများနှင့်ရင်ဆိုင်ရပြန်ပါက ယခင်ကြုံတွေ့ခံစားခဲ့ကြရသော ဒုက္ခအခက်အခဲ ပြဿနာများသည် ပေါ့သွားသယောင် ထင်ရသည်..။ကျွန်တော်တို့လည်းထိုကဲ့သို့ပင်........။ နံနက် ၆ နာရီခန့်တွင် KL သို့သွားသော ကားလမ်းအနီး ငှက်ပျောတောသို့ ရောက်ရှိခဲ့ကြသည်။ ထိုနေရာရောက်မှ ခြေပစ် လက်ပစ် ခေတ္တအနားယူနိုင်တော့သည်...။ KL သို့သွားသောကားများလာခေါ်မည်ဖြစ်ကြောင်း ဒီနေရာတွင် ခဏတစ်ဖြုတ်နားရင်း ကားရောက်မရောက် သွားကြည့်မည်ဟုပြောပြီး လမ်းပြ ၄ ယောက်ထွက်သွားသည်။ လမ်းပြ၂ ယောက်ကျွန်တော်တို့အပ်စုနှင့်ကျန်ခဲ့သည်။ ကျွန်တော်တို့လည်း လမ်းတစ်လျှောက်ပင်ပန်းလာခဲ့ရ သဖြင့် စိတ်တစ်ဝက်အေးချမ်းခဲ့ကြသည်။ နောက်ထပ်လမ်းလျှောက်ရန်မလိုတော့ ကားဖြင့် KL သို့ ရောက်ဖို့ရန်သာ ရှိတော့သည်။ ၆ နာရီခွဲခန့်တွင် ကားသွားကြည့်သော လမ်းပြများဆီမှ ဓာတ်မီးရောင်ဖြင့် အချက်ပြ၍ ကားရောက်ကြောင်း၊ ခရီးသည်များ ကားရှိရာသို့ခေါ်ဆောင်လာနိုင်ကြောင်း၊ ကျန်ခဲ့သောလမ်းပြ ၂ ယောက်အားလှမ်း၍ အချက်ပြသဖြင့် ကျွန်တော်တို့ အားလုံး ကားရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့ကြရပြန်သည်။ ကားသည် မြန်မာတွေ အခေါ် ပေါင်မုန့်ကား၊တံခါးကိုနောက်မှဖွင့်ဝင်ရသည်။ အထဲတွင်ထိုင်ခုံများမရှိ၊ ကား၏ကြမ်းပြင်တွင် ၁၅ ယောက် စလုံး ကပ်သပ်၍ကျပ်ကျပ်ညပ်ညပ် ထိုင်ကြရသည်။ ရှေ့ခန်းတွင်မူ ဒရိုင်ဘာ၊ မလေးမှ ဦးဆောင်သူ၊ ကျွန်တော်တို့အုပ်စုမှ မိန်းကလေး တို့ဖြစ်သည်။ “ ဒီအချိန်မှာတော့ ...ငါမိန်းမဖြစ်ချင်လာပြီ” တစ်ယောက်သောသူက နောက်သလိုပြောသည်။ ရှေ့ခန်းမှ မိန်းကလေးက ရယ်နေသည်။ သူကတော့ အေးဆေးပေါ့..... ဒီကကောင်တွေမှာတော့...တစ်လမ်းလုံး ရွံ့ပေ၊ ဗွက်ပေ၊ ချွေးတစ်လုံးလုံး၊ သံတစ်လုံးလုံး တောဖြတ်လာရသဖြင့် ညစ်ပတ်နံစော်နေရသည့် ကြားထဲ၊ ကားနောက်ဘက်တွင်လူ ၁၅ ယောက် ပြွတ်သိပ်ထိုင်ရသောကြောင့် ပူလောင်တင်းကျပ်နံစော်လို့သာနေတော့သည်။ ဒီကြားထံ ရှေ့တွင် ရဲကင်းများ၊ ရဲကားများ ၊ ရဲစခန်းများရှိပါက နောက်ခန်းမှလိုက်သူများကို တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်နေခိုင်းပြီး၊ တာလပတ်ဖြင့်အုပ်၍ ခရီးဆက်လက် ထွက်ခွာလာခဲ့ကြသည်။ တစ်နေရာ အရောက်တွင် ရဲက ကားကိုရပ်တန့် စစ်ဆေးရာ ကားနောက်ခန်းတွင် လူများကိုတွေ့သဖြင့် ကားဒရိုင်ဘာသည် မောင်းပြေး ရသည်။ နောက်မှရဲကား ကလည်း ထပ်ကြပ်မကွာလိုက်သည်။ ဒရိုင်ဘာသည်ကားမောင်းရင်းသူ့ “Boss” ဆီသို့ ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောရာ၊ မကြာမှီ “Boss” သည်သူ့ဆလွန်းကားဖြင့်ရောက်လာပြီး၊ ရဲကားများကိုရပ်ခိုင်း၍ “Boss” နှင့်ရဲများဆွေးနွေးပြီး အဆင်ပြေသွားသည်။ ငွေအနည်းငယ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက်ကျွန်တော်တို့ ခရီးဆက်ကြပြန်သည်။ တစ်နေရာ အရောက်တွင် ရဲပတ္တရောင်လှည့်ကားဖြင့် ကြုံပြန်သဖြင့် အနီးအနားရှိ ဆီအုန်းခြံ၊ ရာဘာခြံထဲသို့ ကားမောင်းဝင်ပြီး ထိုခြံထဲတွင် ၂ နာရီ ခန့် လျှောက်ပတ်မောင်းရင်း တိမ်းရှောင်ရပြန်သည်။ ကျွန်တော်တို့သည် နံနက် ၇ နာရီ ခန့်မှ စတင်ထွက်ခွာခဲ့ကြရာ နေ့လည် ၁ နာရီခန့်တွင် လမ်းခုလတ်တစ်နေရာသို့ ရောက်သည်။ ထမင်းစားချိန်ဖြစ်သဖြင့် တစ်ယောက်ကို ထမင်းတစ်ထုပ်စီနှင့် အအေးတစ်ဗူးစီလိုက်လံဝေငှသည်။ ကျွန်တော်နှင့်သားငယ်လည်း ပင်လည်းပင်ပန်း၊ ဆာလည်းဆာဆာဖြင့်စားလိုက်ကြသည်။ “အင်း...အခုမှဘဲ နေသာထိုင်သာရှိတော့တယ်..” ရေမချိုးရသည်မှာ ၁ ရက်ခန့်ရှိပြီး တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားရသလို နာကျင်ကိုက်ခဲနေသည်။ စိတ်ဓါတ်ကိုတင်းထားရသည်။ နို့မဟုတ်ပါက လဲပြိုသွားနိုင်သည်။ ကျွန်တော်တို့ ခေတ္တခဏစားသောက်နားပြီး၊ ကားဖြင့်ခရီးဆက်ကြရပြန်သည်။ ကျွန်တော်တို့ကားသည် မရပ်မနား ဆက်လက်မောင်းနှင်လာခဲ့ရာ ည ၈ နာရီခန့်တွင် တောင်ကိုဖြတ်၍ ဖောက်ထားသော ဥမင်လိုဏ်ခေါင်းမှ စတင်၍ မောင်းနှင်လာခဲ့သည်။ ရောက်ဘူးသူများက “ဒါဆိုရင်..KL အဝင်ကိုရောက်ပြီ” ဟုပြောသည်။ လိုဏ်ခေါင်းထဲတွင်နှင်းခွဲမီးဝါကြင့်ကြင့်များစီတန်းထွန်း ထားသဖြင့် မောင်းနှင်နေသော ကားကြီး ကားငယ် အသွယ်သွယ် ကို အထင်းသားမြင်နေရသည်။ ကျွန်တော်လည်းမမြင်ဘူးသောကြောင့် နေရာတကာသို့ငေးမောရင်းလိုက်ပါလာခဲ့သည်။ KL မြို့ထဲသို့ရောက်သည်နှင့် တစ်မြို့လုံးလင်းထိန်နေပြီး နေရာတကာတွင် စားသောက်ဆိုင်များ၊ “ Coffee Shop ” များကိုတွေ့ရသည်။ မမြင်ဘူး၊ မတွေ့ဘူးသော လူများကိုလည်း လျှောက်ကြည့်ငေးမောရင်း စိတ်ထဲတွင် “ ငါတို့တော့ ကွာလာလမ်ပူ ကို အခက်အခဲပေါင်းများစွာကိုဖြတ်သန်း ကျော်ဖြတ်၍ ရောက်ခဲ့ကြပြီပေါ့လေ.......” ဟု မှတ်ချက်ချနေမိပါတော့သည်။

No comments:

Post a Comment