Thursday, September 16, 2010

ကော်ပီ ၆

စာမျက်နှာ ခြောက်

ည ၁၁ နာရီလောက် ရောက်တော့.. အားလုံးပြောစရာမကျန်တော့ ၍
လေကုန်အာညောင်းဖြစ်ကုန်ကြသည့်အဆုံးတွင် မရေရာ မသေချာသော
ရှေ့ခရီးအတွက် အဖြေရှာရန် ခက်ခဲသော
ပုစ္ဆာကိုယ်စီဖြင့် ကိုယ့်အခန်း ကိုယ်ပြန်ဝင်သွား ကြတော့သည်။
ညနေက အိပ်ထားတာကြောင့်လော၊ပူပင်သောကများ၊
စိုးရိမ်စိတ်များ ကြောင့်လော.......မသိ၊အိပ်၍ မပျော်
ဟိုလှိမ့်ဒီလှိမ့် ဖြင့်သာ မိုးလင်းခဲရတော့ သည်။..........
သက်ပြင်းများကို တဟူးဟူး...တဟင်းဟင်းဖြင့်ချရသည့် အကြိမ်ပေါင်း
မှာ လည်းမရေတွက်နိုင်တော့ပေ။
မနက် ၁၁ နာရီခန့်တွင် မလေးသွားမည့်သူအားလုံး 'Motel' ရှေ့ပန်းခြံသို့
အသီးသီး ရောက်ရှိလာကြတော့သည်။ထုံစံအတိုင်း မနေ့ည က ကဲ့သို့
တစ်ယောက်တစ်မျိုး ထင်ကြေးပေး ငြင်းခုံပြောဆိုနေကြပြန်သည်။
“ကဲ .... ကဲ...ကျွန်တော်တို့ ဒီလို...ဟိုပြောဒီပြောလျှောက်ပြောနေလို့...
လေကုန်တာပဲ အဖတ်တင်မယ်......အခု ကျွန်တော် တို့ အားလုံး
တစ်ခရီးသွားတည်းဖြစ်တဲ့အတွက် ...ညီညွှတ်ဖို့တော့လိုတယ်... ဘာလုပ်သင့်လဲ.......ဘယ်လိုလုပ်ရရင်ကောင်းမလဲ.....ဒါကိုပဲ
အဓိကထားပြီးပြောကြရအောင်”
ကျွန်တော်က ဝင်၍ပြောလိုက်သည်။

..“ အဲ့ဒါတော့ဟုတ်တယ်..”
..“ ဒါဆိုရင်..ဒီလိုလုပ်ကျွန်တော်တို့..Hat Yai က Tour တွေဆီ ဖုန်းဆက်
အကျိုးအကြောင်းမေး..ဒါကိုအရင်လုပ်..ပြီးမှဘာဆက်လုပ်သင့်လည်းဆိုတာ
ထပ်စဉ်းစားမယ်..”
..“ ဟုတ်တယ်..ဖုန်းဆက်မယ်...”
ကျွန်တော်တို့ Tour တွေဆီ ဖုန်းဆက်ကြသည်။စိတ်မပူပါနှင့်မကြာမီ သူတို့
လာမည်ဖြစ်ကြောင်း ကြားသိရသည်...။ညနေ ၃နာရီရောက်တော့ Motel
ဝမ်ထမ်းများကတည်းခိုသူများအား ၂၄ နာရီတစ်ရက်ပြည့်ပြီ ဖြစ်သောကြောင့်
ကိုယ့်ပစ္စည်းကိုယ်ယူ၍ အခန်းသော့များအား ကောင်တာတွင်လာရောက်ပေးအပ်
ကြပါရန် မေတ္တာရပ်ခံတော့သည်။မလေးသွားမည့်သူအားလုံး ကိုယ့်အထုတ်ကိုယ်
ရှေ့ချ၍ပန်းခြံထဲတွင် ငုတ်တုတ်ဖြစ်ကုန်သည်။ယခုမှပိုဆိုးကုန်တော့သည် အားလုံး
ငိုမဲ့မဲ့......သောင်ပြင်လွှတ်သောခွေးလို...ကူကယ်ရာမဲ့..ဘယ်ရောက်နေလို့..ရောက်
နေမှန်းမသိ..ဘယ်နေရာကိုသွားလို့သွားရမှန်းမသိ...Tour တွေကိုသာကျိန်ဆဲနေမိ
ကြတော့သည်။ဖုန်းလည်းတစ်ဂွမ်ဂွမ်ဆက်ကြသည်။ကျွန်တော်လည်း ရင်ထဲမှာ ဝမ်း
နည်းသလိုဖြစ်လာသည်။ထွက်လာတာမှားပြီထင်တယ်..ငါ့ဘဝတော့..ရှေ့လျှောက်
ဘာတွေဖြစ်လာဦးမလဲမသိဘူး..KL မရောက်မခြင်းတော့ စိတ်အေးနိုင်မယ်မထင်ဘူး
KL ရောက်မှပဲ စိတ်ဒုံးဒုံးချနိုင်တော့မယ် ထင်ပါရဲ့..ဟူး.....တောင်စဉ်းစား..မြောက်စဉ်း
စားဖြင့် ရင်အစုံကို မီးစဖြင့်ထိုးနေဘိသကဲ့သို့ ပူလောင်လွန်းလှသည်..........။
ညနေ ၆ နာရီလောက် မှေင်ရီပျိုးစအချိန်တွင် Tour များရောက်လာသည်။နောက်ထပ်
မလေးသွားမည့်လူ ၅ ယောက်လည်းပါလာသည်။ထိုလူများကိုမေးမြန်းကြည့်တော့လည်း
ဘာမှရေရေရာရာမရှိ။ ထို ၅ ယောက်သည် ကျွန်တော်တို့ အုပ်စုနှင့် စကားပြောရတာ
သိပ်အစေးမကပ်ချင်။နဲနဲလေလုံးထွားသယောင်ရှိသည်။ကျွန်တော်တို့အုပ်စုထဲမှ လူတော်
တော်များများ သောက်မြင်ကပ်ကြသည်..။ Tour များက မလေးထဲသို့ပို့မည့် လမ်းကြောင်း
ဦးဆောင်သူများထံ ကျွန်တော်တို့ကို အပ်ရသည်။လမ်းပြများသည် မလေးနှင့်ထိုင်းလူမျိုးများ
ဖြစ်ကြသည်။လမ်းပြများက ကျွန်တော်တို့ကို ဘယ်နှစ်ယောက်လဲဟု မေးရာ ၁၆ ယောက်ဟု
ပြောသဖြင့် လမ်းပြက နောက်ထပ်ရောက်လာသော ၅ ယောက်ကိုလက်ညှိုးထိုး၍ သူတို့က
ရောဟု မေးရာ........
..“ သူတို့က သတ်သတ်တို့နှင့်မဆိုင်..” ဟုပြော၍ အမြင်ကပ်ကပ်ဖြင့်ပစ်ထားခဲ့ကြသည်..။
ဟိုလူ ၅ ယောက်လည်း ငိုမဲ့မဲ့..ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြသည်..။
သနားစရာတော့အကောင်းသား...ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲလေ........
ကျွန်တော်တို့ ၁၆ ယောက်ကခင်မင်ရင်းနှီးပြီးသားဖြစ်နေသည်...။ သို့နှင့် Motel မှ
Hilux Pick-up ကားများဖြင့်ည ၇ နာရီခန့်တွင် ထွက်ခွါလာခဲ့ကြသည်။ ည ၉ နာရီအချိန်တွင်
အိမ်တစ်အိမ်ရှေ့၌ကားရပ်လိုက်သည်။ကားပေါ်မှ မလေးသွားမည့်သူများကို ဆင်းခိုင်းပြီး
ထိုအိမ်ရှိကားဂိုဒေါင်ထဲတွင် ထည့်၍အပြင်မှသော့ခတ်ပြီးထွက်သွားကြပြန်သည်..။လာပြန်ပြီ
တစ်ခါ....ဆူညံပွက်လောရိုက်ကုန်သည်..။
..“ သားမှားပြီ...မှားပြီအမေရဲ့....”
ဟုအော်ငိုသလို.....အော်ဆိုသလို......ဆိုသူကတစ်မျိုး...........
..“ မိန်းမရေ........ငါတော့မှားပြီထင်တယ်...ဒီလိုမှန်းသိရင်..မလာပါဘူးကွာ....”
ဟုငိုမဲ့မဲ့ပြောသူကပြောနှင့် အတော်ပင်စိတ်ညစ်စရာကောင်းနေတော့သည်.......။
ကြောက်သည်ကတစ်ဖုံ.....စိုးရိမ်သည်ကတစ်လှည့်.....မမြင်ရသည့်အန္တရာယ်ကို
တွေးမိသည်ကတစ်မျိုး...ဘေးပါတ်ဝန်းကျင်တစ်ခွင်လုံး..ဘာမှမမြင်ရလောက်အောင်
မဲမဲမှောင်နေသည်ကြောင့်...ကိုယ့်နေရာကိုယ့်ဒေသလည်းမဟုတ်....မြွေပါး..ကင်းပါး..
အကောင်ပလောင်ပေါင်းစုံတို့ အန္တရာယ်ကို ထိတ်လန့်မိသည်ကတစ်နည်း...ရင်ထဲတွင်
ဗလောင်ဆူလျှက်ရှိကုန်ကြတော့သည်.....ရင်တွေလည်း တဒိတ်ဒိတ်ခုန်နေသည်မှာ..
တိတ်ဆိတ်နေပါက...အပြင်ကပင်အတိုင်းသားကြားရလောက်သည်..။ရင်ဘတ်ကြီးများ
ပွင့်ထွက်သွားမလားအောက်မေ့ရသည်............။
ဟိုတွေးသည်တွေးနှင့်ပင် အချိန်တို့တစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြန်သည်.......။
ည ၁၁ နာရီခန့်တွင် အိမ်ရှေ့သို့ကားရပ်သံများကြားရသဖြင့်
..“ ပြန်လာကြပြီထင်တယ်...”
..“ စာအုပ်တွေ..တုံးသွားထုတာထင်တယ်....”
..“ အခုညဖက်ကြီး...ထွက်မှာလား....”
..“ မှောင်မှောင်မဲမဲတောထဲ..ဘယ်လိုသွားကြမလဲ....”
..“ ဒီကနေလှည့်ပြန်ကြရင်ကောင်းမယ်ထင်တယ်...
..“ အခြေနေစောင့်ကြည့်ပါဦး...သူတို့ဘယ်လိုလုပ်မလဲဆိုတာကို.....”
အပြင်ဖက်မှသော့ဖွင့်သံများကြားရသည်။လမ်းပြများဝင်လာပြီး..ကားပေါ်သို့တက်ခိုင်းသည်။
ကားနှင့်သွားမည်ဟုပြောသည်...အားလုံးဘာပြောကောင်းမလဲ...ကားပေါ်သို့တဖြုတ်ဖြုတ်နှင့်
တက်လိုက်ကြသည်မှာ ၁၀ မိနစ်တောင်ကြာမည်မထင်...။

ည ၁၁နာရီတွင် စတင်ထွက်ခွါလာခဲ့ကြသည်
ကျွန်တော်သည် ကားပေါ်တွင်ထိုင်လိုက်လာရင်း ဘေးပါတ်ဝန်းကျင်ကို
လေ့လာအကဲခတ်နေသည်..မညီညာသောမြေနီလမ်းဖြစ်သောကြောင့်
ကားဘော်ဒီကိုမြဲမြံစွာကိုင်ထားရသည်..။ဘေးပါတ်ဝန်းကိုင်တစ်ခွင်လုံး
သည် နယ်စပ်ဒေသဖြစ်သောကြောင့် မီးရောင်မရှိ..။ နေရာတကာ
ဆေးအမဲကို Black-board တွင်သုတ်ထားဘိသကဲ့သို့..မိမိနှင့်ဘေးချင်း
ကပ်လျှက်ထိုင်နေသူကိုပင် မမြင်ရပေ...။ကားသည်ကုန်းတက်လိုက်
ကုန်းဆင်းလိုက်ဖြင့် အပြင်းခရီးနှင်နေသည်...ကားနောက်တွင်ဖုံမှုန့် များ
အလုံးလိုက်လှိုင်းထလျှက် ကျန်ရစ်ခဲ့သည်..။ဖုံထကျန်ရစ်ခဲ့သည်ကို မြင်ရ
သည်ဟုမထင်ပါနှင့် ဖုံမှုန့်များသည် အသက်ရှုလျှင် နှာခေါင်းထဲသို့ဝင်သည်
ပါးစပ်ဟလျှင် ပါးစပ်ထဲသို့ဝင်သည်..ဒါ့ကြောင့်ဖုံထမှန်းသိရခြင်းဖြစ်သည်...။
မြင်ရ၍မဟုတ်ပါ....။မျက်လုံးတစ်ဖက်ကိုမှိတ် ကျန်တစ်ဖက်ကိုလက်တစ်ဖက်
ဖြင့်မျက်လုံးရှေ့တွင်မှန်ပြောင်းသဖွယ်လုပ်၍ဖုံကာပြီးကားမီးရောင်ကိုကျော်၍
ပါတ်ဝန်းကျင်ကို စူးစမ်းကြည့်ရာ.....နယ်ခြားစောင့်ကင်းတပ်စစ်စခန်းများကို
မပီဝိုးတဝါး တွေ့လိုက်ရသဖြင့် အထိတ်လန့်ကြီးလန့်သွားသည်...။
လှမ်းပစ်လိုက်လျှင် အားလုံးမသာပေါ်ကုန်တော့မည်...ထွက်မလာခင်က
အလွတ်ကျက်ခဲ့သော ဘုရားနှုတ်ကပါတ်တော်များ...အစွမ်းထက်ဂါထာတော်
များကို ရွတ်ချင်သလိုရွတ်နေတော့သည်.....။ကြောက်စိတ်များကတစ်ကိုယ်
လုံးအနှံ့ ကြီးစိုးနေသောကြေင့် ဘုရားဂါထာတော်များကို အစကနေရွတ်လိုက်
မေ့သွားလိုက်....ပြန်ရွတ်လိုက် တစ်ဝက်လောက်တွင်ရပ်သွားလိုက်....ပြန်ရွတ်
လိုက် ပြန်မေ့လိုက်ဖြင့်.....လုံးလည်ချာလည်လိုက်နေတော့သည်..........။မိနစ်
၃၀ ခန့်မောင်းပြီးသောအခါ ကားသည်အရှိန်လျှော့၍ရပ်လိုက်သည်
ကားရှေ့ခန်းမှလမ်းပြများထွက်လာပြီးအားလုံးဆင်းခိုင်းသည်။ တစ်ဖက်ကမ်းသို့ စက်လှေဖြင့်ကူးရမည်ဖြစ်ကြောင်းစက်လှေပေါ်သို့တက်ရန် လက်နှိပ်ဓါတ်မီးများဖြင့်
ထိုးပြသည်။ထိုအခါမှ ကမ်းစပ်တစ်ခုသို့ ရောက်နေကြောင်းသိရသည်..။
ကျွန်တော်သည် ကြောက်စိတ်ကြောင့် ဒူးတွေပင်မက တစ်ကိုယ်လုံးတုံယင်နေသည်
ဟုခံစားနေရသည်..။
ကျွန်တော်တို့ ထွက်မလာခင်က ရန်ကုန်မှာကြားခဲ့ရတဲ့သတင်းတွေ........
တစ်ချို့တောထဲမှာ အစာငတ်ရေငတ် လေးငါးရက်နေရတာတွေ.....
တစ်ချို့ပျောက်ဆုံးကုန်တာတွေ....တစ်ချို့စစ်တပ်ကဖမ်းမိပြီး ( camp ) ထဲရောက်ကုန်
တာတွေ.....တောထဲတောင်ထဲမမြင်ရတဲ့အန္တရာယ်တွေကြောင့်အသက်ဆုံးရှုံးကုန်တာတွေ
ဒါဆိုကျွန်တော်တို့ ကြားခဲ့ရတဲ့သတင်းတွေဟာ အမှန်တွေပဲပေါ့.........။
TV ဇာတ်လမ်းတွေထဲတွင်ကြည့်ရသော တောထဲတောင်ထဲတွင်..မြွေကိုက်၍.......
ရွှံ့နွံအိုင်ထဲနစ်မြုပ်၍......ပဒူအုံထဲကျ၍.......ကင်းများကိုက်၍......ညှောင့်စူး၍....
လူများသွေးရဲရဲ သံရဲရဲ ဒုက္ခပေါင်းစုံရောက်၍ အသက်ဆုံးရှုံးရပုံများ......တစ်ချို့ခြေပြတ်
လက်ပြတ်...မကုနိုင်တော့၍...တောထဲတောင်ထဲ ပစ်ထားခဲ့ရသည်များ...............
အတွေးအာရုံထဲတွင် အစီအရီ ထင်ထင် ရှားရှားမြင်ယောင်လာသောကြာင့်.........
..“ ဟေ့ကောင်သားငယ်...လမ်းကြောင်းကြီးက ကျွတ်စင်ကြီး ဒို့ဒီကနေလှည့်ပြန်ကြမယ်
သေသွားရင်ဘယ်လိုလုပ်မလဲ.....ဘဝတော့အဆုံးမခံနှိုင်ဘူး...ပိုက်ဆံဆုံးရင်ဆုံးပေ့စေ...။
..“ hey.....hey...we don't want go to malaysia....we going back and give me
back our passport....” ဟုကျွန်တော် အော်ပြောလိုက်သည်.....။
လမ်းပြများကဘာမှပြန်မပြော.........။
...“.where is the passports...” ကျွန်တော်မေးလိုက်ရာ....
လှေပေါ်တွင်ရှိကြောင်း လက်ညှိုးထိုးပြသည်..။
..“ သားငယ်ဟေ့ကောင်....မင်းဘယ်လိုလုပ်မှာလဲ...လိုက်မှာလား....ပြန်မှာလား.....”
ဒီကောင်လည်းတော်တော်အကြပ်ရိုက်နေပုံရသည်။ကျွန်တော်ကြောက်စိတ်ကြောင့်
ဒေါ တော်တော်ကန်နေသည် ။
..“ ငါတို့စာအုပ်တွေ..ရအောင်အရင်တောင်းရမယ်.. စာအုပ်မရှိရင်ဘယ်မှသွားလို့ရမှာ
မဟုတ်ဘူး..”
ကျွန်တော် passport စာအုပ်ကိုတွင်တွင်တောင်းရာ...လှေပေါ်တွင်ရှိကြောင်း....
passport တွင် ထိုင်းအထွက်တုံးနှင့် မလေးအဝင်တုံးများထုပြီးဖြစ်သောကြောင့်
ထိုင်းဖက်သို့ပြန်သွားလျှင်လည်း အဖမ်းခံရမည့်အကြောင်းများ ရှင်းပြသဖြင့် ကျွန်တော်တို့
အတွက် “ No Choice ” ဖြစ်သွားသည်...။
ဘဝကိုရင်းပြီး အသက်ကိုဖက်နှင့်ထုပ်ကာ ကိုယ့်ဒုက္ခကိုယ် ဒေါ်လာပေးရှာဖွေပြီး
ဘယ်သောင်....ဘယ်ကမ်းကပ်မည်မှန်း မမြင်ရ..........၊
ဘယ်အကောင်ပလောင်ကိုက်၍သေရမည်ကိုမသိရပဲ.....
မလေးရှားသို့ တောလမ်းမှသွားရန် “ Choice ” လုပ်လိုက်ရလေတော့သည်.........။
သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ............................။

No comments:

Post a Comment