Thursday, September 16, 2010

ကော်ပီ၁၀

စာမျက်နှာ တစ်ဆယ်

ထို့နောက် ကြည်စိုးနှင့်ပွဲစား ခိုင်စိုးတို့ အလုပ်ကိစ္စဖုန်းနှင့်ပြောဆို
ဆွေးနွေးကြပြီး နောက်တစ်နေ့ည ၈ နာရီလောက်တွင် ကျွန်တော်တို့
အထုပ်ကိုယ်စီဆွဲ၍ Taxi ငှားပြီး မုန့်တိုက်ရှိရာသို့ ထွက်လာခဲ့ကြသည်။
မုန့်တိုက်ရောက်တော့ ကိုခိုင်စိုး ဆိုင်ပိုင်ရှင်သူဌေးနှင့် ပြောဆိုပြီးအဆင်
ပြေသွားသဖြင့် မုန့်တိုက်၏ အပေါ်ထပ်တွင် ကျွန်တော်တို့ကို နေစရာ
ပေးပြီး အလုပ်စတင်ခန့်လိုက်လေတော့သည်။ပွဲစားခမှာ တစ်ယောက်
လျှင် ၁၅၀ ရင်းဂစ်စီပေးရသည်။လောလောဆယ် ကြည်စိုးမှ ခေတ္တစိုက်
ထားပေးသည်။လစာထုတ်ပါက ပြန်ပေးပါ့မည်ဟု ကြည်စိုးအားကျွန်တော်
ကတိပေးပြီး နေထိုင်ရမည့်အခန်းအား ရှင်းလင်းရင်းဖြင့် ထိုနေ့မိုးချုပ်ခဲ့
ပါသည်......။ထိုမုန့်တိုက်တွင် ကိုခိုင်စိုးအိမ်သို့ အရင်ရောက်နှင့်နေသော
တောင်ဥက္ကလာပ(၉)ရပ်ကွက်တွင် နေထိုင်သူ ကိုအေးအောင် ကျွန်တော်
နှင့်သားငယ်တို့ ၃ ယောက်တစ်ပြိုင်တည်း အလုပ်စဝင်ခဲ့ကြသည်...။
ကျွန်တော်နှင့်သားငယ်တို့လည်း တောင်ဥက္ကလာသားများဖြစ်ကြသဖြင့်
မကြာမီ ကိုအေးအောင်နှင့်ရင်းနှီးခင်မင်သွားခဲ့ကြသည်။ကျွန်တော်တို့အလုပ်လုပ်သောဆိုင်
အမည်မှာ Fong Wong biscuit Sdn. Bhd ဖြစ်သည်...။ KL မြို့လယ်
တရုတ်တန်းဈေး ( ညဈေး ) အနီး Jalan Cicel တွင် တည်ရှိ
သောကြောင့် နေ့ ည မပြတ်အလွန်စည်ကားသောနေရာဖြစ်သည်။
မနက် ၈ နာရီတွင် အလုပ်စတင်သည် ညနေ ၆ နာရီတွင် ကျွန်တော်တို့
အလုပ်ပြီးစီးသည်။စစခြင်း ဘာမှမတတ်သေးသောကြောင့် မုန့်ဆရာများ
ခိုင်းသမျှ အကုန်လုပ်ရသည်..။မုန့်ဖုတ်ပြီးသား ဘန်းများကို ဆေးကြော
သုတ်သင်ခြင်း ၊ဂျုံနယ်ခြင်း ၊စသည့် လွယ်ကူသော အလုပ်များးကိုသာ
လုပ်ခိုင်းသည်။ညနေ ၅ နာရီတွင် မုန့်လုပ်ဆရာများ ပြန်သွားကြသည်။
သူတို့ပြန်သွားသည်နှင့် မုန့်ပုံစံခွက်များ ၊မုန့်ဖုတ်ဘန်းများ ၊ဂျုံမွှေစက်များ
စားပွဲခုံများ ၊ ကြမ်းပြင်များကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြော
ကြရသည်။ ၆ နာရီ ခန့်တွင် အားလုံးပြီးစီးပြီး အပေါ်တက်၍အနားယူနိုင်
တော့သည်။ ညဖက် တရုတ်တန်းဈေးသို့ လျှောက်ကြည့်ကြသည်၊
ဘာမှတော့မဝယ်နိုင်။တစ်လပြည့်၍ လစာထုတ်သောအခါ ဟိုနှုတ်
ဒီနှုတ်နှင့်ဘာမှမကျန် ။မနက်ပိုင်း ထမင်းဝယ်စားကြရသည်
ထုံးစံအတိုင်း ကြက်ဆီထမင်း ၊ဝက်ဆီထမင်း ၊ဘဲဆီထမင်းပေါ့..။
တစ်ခါတစ်ရံလည်း ဆိုင်မှမုန့်များ စားကြရသည်..။ ညပိုင်းကျတော့
ဖြစ်သလို ခေါက်ဆွဲပြုတ်စားကြရသည်...။ ဆိုင်မှ ကြက်ဥများခိုး၍
ခေါက်ဆွဲပြုတ်ထဲ ရောထည့်စားကြသည်။ Maggi Curry ခေါက်ဆွဲ
ထုပ်များကို အထုပ်လိုက် ဝယ်ထားကြသည်...။၎င်းခေါက်ဆွဲထုပ်သည်
စားရတာအဆင်ပြေသည်...မဆလာနံ့သင်း၍အနည်းငယ်စပ်
သောကြောင့် ကျွန်တော်ကြိုက်နှစ်သက်သည်.....။တစ်ခါတစ်ရံ
ကြည်စိုး ကျွန်တော့်ထံ လာလည်သည့်အခါ ကျွန်တော်ခေါက်ဆွဲပြုတ်
စားနေသည်ကိုကြည့်၍ စိတ်မကောင်းဖြစ်ပုံရသည်..။
..“ မင်း...ခေါက်ဆွဲပြုတ်တွေ...သိပ်မစားနဲ့...ဆံပင်တွေကျွတ်ကုန်
လိမ့်မယ်...”............ဟု သတိပေးပြောသွားသည်...။
“.. မတတ်နှိုင်ဘူး သူငယ်ချင်း....ဒီလိုမှမစားရင်..ဘာမှကျန်မှာ
မဟုတ်ဘူး..ဒါတောင်..ဆေးလိပ်ကိုဈေးပေါတဲ့...Prilley....JPS....
Winston...တို့လိုဈေး ပေါတဲ့ ဆေးလိပ်ဗူးဝယ်ပြီး တစ်ပါတ်လောက်...
လောက်ငှအောင် သောက်တာပဲ.....”
မလေးရှားတွင် Dunhill ဆေးလိပ်အသောက်များသည်။တစ်နိုင်ငံလုံး
နီးပါး Dunhill ...ကိုသာသောက်ကြသည်။Dunhill တစ်ဗူးလျှင်
( ၃.၅၀ ) ရင်းဂစ် ပေးရသဖြင့် ကျွန်တော်ဝယ်မသောက်နိုင်။
ကျွန်တော် ဝယ်သောက်သော ဆေးလိပ်ဗူးများသည် တစ်ဗူးမှ
၂ ရင်းဂစ် ၂၀ ဆင့်သာပေးရသည်။ ကြက်..၊ဝက်..၊ ဘဲ..ဆီထမင်း
တစ်ပွဲ ၂ရင်းဂစ်၊ Maggi Mee အထုပ်သေး ၅ ထုပ်ပါ အထုပ်ကြီး
တစ်ထုပ်လျှင် ၁ ရင်းဂစ် ၆၀ ဆင့်သာ ပေးရသည်။ ကြက်ဥ တစ်လုံး
၁၀ ဆင့်၊ လက်ဘက်ရည်တစ်ခွက် ၆၀ ဆင့်သာပေးရသည်။ဈေးပေါ
သော်လည်းကျွန်တော်တို့မသောက်နိုင်ပါ ချွေတာနေရသောကြာင့်ပင်...။
ကျွန်တော်တို့ဆိုင်သည် မွန်းကိတ် ( လမုန့် ) နာမည်ကြီးသည် လမုန့်
ပွဲတော်ရောက်လျှင် တစ်နေ့လျှင် ကျွန်တော်တို့ဆိုင်သည် ရင်းဂစ်
ငါးသောင်း..၊ တစ်သိန်း ဖိုးခန့်ရောင်းရသည်..ဟုဆိုင်မှလူများ ပြောပြ၍
သိရသည်...။ ထိုလမုန့်ပွဲတော်နှီးသည်နှင့် ဆာဘား၊ဆာရာဝပ်
ပြည်နယ်တို့မှ အလုပ်သမားများကို Part-Time သဘောမျိုးခေါ်၍
ခိုင်းကြသည်။ ထိုအချိန်အခါမျိုးတွင် မုန့်ကိုလက်ဖြင့်မလုပ်နိုင်၊ဖိစက်တွင်
ပုံစံမို ပြုလုပ်၍ တစ်ဂွပ်ဂွပ် စက်ဖြင့်ဖိ၍ မုန့်များ ပုံစံတစ်ကျ အတန်းလိုက်
စီတန်းထွက်လာသည်။ ထိုစီတန်းထွက်လာသော မုန့်များကို ဖုတ်ရန်
ဗန်းများပေါ်တွင်စီပေးရသည်။ စီသည့်သုသည် ထွက်လာသောမုန့်များကို
ကောက်မနိုင် ဘေးမှ နှစ်ယောက်သုံးယောက် ရပ်စောင့်၍ ကူကောက်စီ
ပေးရသည်။လမုန့်လုပ်မည့် မုန့်သားများကို စားပွဲရှည်ကြီးပေါ်တွင် လူ ၅
ယောက် ၆ ယောက်လောက်က ဒိုင်ခံနယ်ပေးရသည်။ နယ်ပြီးသားမုန့်
များကို နောက်ထပ်လူ ၅ ယောက် ၆ ယောက်က အကြမ်းလုံးပေးရသည်။
မုန့်သားထဲတွင် ဘဲဥအငန်ကို အကာများဖယ်ပစ်ပြီး အနှစ်သက်သက်ကို
အလယ်တွင်ဌာပနာ၍ အကြမ်းလုံးပြီး စက်၏ လျှောက်လမ်းပေါ်သို့
ညီညာစွာ စီတင်ပေးရသည်။

No comments:

Post a Comment