Thursday, June 14, 2012

 စာမျက်နှာ ၃၂



ကိုထွန်းဝင်းသည် ဘိုကလေးမြို့နယ် ကမကလူကျေးရွာတွင်မွေးဖွားကြီးပြင်းလာခဲ့ရသည် ။ဆင်းရဲသော
မိဘနှစ်ပါးမှပေါက်ဖွားလာခဲ့ရသောကြောင့် မွေးကတည်းက ဆင်းရဲချို့တဲ့ခဲ့ရသည်။မွေးချင်း မည်မျှ
ရှိသည်ကို မသိရသော်လည်း သူ့တွင်ညီရင်းအစ်ကို အစ်မများရှိပုံရသည်။လူမှန်းသိတတ်စ အရွယ်
ကတည်းကကြုံရာကျပမ်း လုပ်ကိုင်စားသောက်နေထိုင်ခဲ့ရသည်။သူသည်မည်သည့်အလုပ်မဆို မရှက်မ
ကြောက် ရိုးသားကြိုးစားစွာ လုပ်ကိုင်တတ်ခြင်းကြောင့် သူ့ကိုအလုပ်ပေးမည့်သူမရှားပေ။ကိုထွန်းဝင်းသည်
အနေဆင်းရဲ အစားဆင်းရဲသော်လည်း စိတ်ဓါတ်ကြံ့ခိုင်ကြွယ်ဝသော လူတော်လူကောင်းတစ်ယောက်ပင်။
သစ္စာရှိသည် ဇွဲလုံ့လရှိသည် အလုပ်ကြိုးစားသည် မလိမ်မညာ မခိုးမဝှက်တတ် စိတ်စေတနာကောင်းမွန်
ပြီးကူညီနိုင်မည့် မည်သည့်ကိစ္စမဆို ကူညီလုပ်ကိုင်ပေးရန် အစဉ်တစ်စိုက်ကြိုးပမ်းအားထုတ်သူ ဖြစ်သည်။
ဘာသာတရား ရိုသေကိုင်းရှိုင်းပြီး ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကို သနားညှာတာတတ်သော
သူ့၏ စိတ်ရင်းကြောင့် လူတိုင်းက သူ့ကိုချစ်ခင်လေးစားသည်။ဘဝစုံသည် လူစုံနှင့်ပေါင်းသင်းဖူးသည်။
အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတနှံ့စပ်သည်။စကားပြောဆိုရာတွင် ထိန်းသိမ်းပြီး ရှေ့နောက်ဆင်ခြင်
သုံးသပ်ပြောတတ်သည် ။အရေးကြီးသော အကြောင်းအရာကိစ္စ တစ်ခု အလုပ်အကိုင်ကိစ္စ တစ်ခု
 လုပ်တော့မည်ဆုံးဖြတ်တော့မည်ဆိုပါက ဘက်စုံထောင့်စုံမှ ဆိုးကွက်ကောင်းကွက်များကို လေ့လာ
သုံးသပ်ပြီး လုပ်ကိုင် ဆုံးဖြတ်တတ်သည် ။
မမှားသောလူ မရှိနှိုင်သလို (မမှားသောရှေ့နေ မသေသောဆေးသမားကဲ့သို့ )အမှားနှင့် မည်သူမှ
မကင်းနှိုင် ။သို့သော် ကိုထွန်းဝင်းသည် ကြီးကြီးမားမား အမှားအယွင်းကင်းခဲ့သည် ။
       ကိုထွန်းဝင်းသည် ဧရာဝတီတိုင်း ဘိုကလေးမြို့ မှ ရေကြည်ရာမျက်နုရာ မြန်မာပြည်တောင်ဖက်
စွန်း ကော့သောင်းမြို့သို့ဆင်းပြီး ကြုံရာကျပမ်း လုပ်ကိုင်အသက်မွေးသည် ။ သူသည်ကော့သောင်းမြို့တွင်
အင်္ကျီချုပ်ခြင်း ၊ငါးဖမ်းစက်လှေလိုက်ခြင်း ၊ကြိမ်ခုတ်စက်လှေလိုက်ခြင်း ၊ထိုင်းနိုင်ငံဖက်သို့သွားပြီး စားသောက်ကုန်လုပ်ငန်းစက်ရုံ ၊ငါးမုန့်စက်ရုံ ၊ငပိ ငံပြာရည်စက်ရုံ ၊များတွင် လုပ်ကိုင်ရင်း ၂နှစ်ခန့်
့ကြာသောအခါ သူဌေး ဦးဇော်ဦး ပိုင်ဆိုင်သောငါးဖမ်း စက်လှေတွင် အောက်ခြေသိမ်းအလုပ်သမား
အဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။သို့သော် သူ့အလုပ်ရှင်သူဌေး မည်သူမည်ဝါ ဆိုသည်ကို ထိုအချိန်က ကိုထွန်းဝင်းတစ်ယောက် မသိရှိသေးပေ ။ငါးဖမ်းစက်လှေလိုက်ရာတွင် အလွန်ပင်ပန်းသော်လည်း ကိုထွန်းဝင်းတစ်ယောက် မငြီးမငြူ ရိုးသားကြိုးစားစွာ လုပ်ကိုင်သောကြောင့် လုပ်ဖေါ်ကိုင်ဖက်များ ၊
ဘဝတူ အလုပ်သမားများမှအစ လှေသူကြီး ( ပဲ့နင်း ) အဆုံး သူ့ကိုချစ်ခင်လေးစားကြသည် ၊ သနားညှာတာကြသည် ၊ ကူညီစောင့်ရှောက်ကြသည် ။ထိုကဲ့သို့ ကိုထွန်းဝင်းတစ်ယောက် ငါးဖမ်းစက်လှေ
တွင် ၅ နှစ်ခန့် ကြာလာသောအခါ  လှေလိုက်သော လောကတွင် အတော်လေးကျွမ်းကျင်နှံ့စပ်လာပြီး
ကိုထွန်းဝင်း၏ ဂုဏ်သတင်းမှာ ကော့သောင်းမြို့တွင်ပျံ့သင်းလွင့်ပျံ့လျှက် အပေါင်းအသင်းမိတ်ဆွေ များလည်းပေါများ လာခဲ့တော့သည်။သူသည် ပညာမတတ်သော်လည်း မာန်မာနမရှိ အပျော်အပါး
 လောင်းကစားမရှိ။လူတိုင်းကသူ့ကို ချစ်ခင်လေးစားကြသည် ။
               ကိုထွန်းဝင်း ကော့သောင်းမြို့သို့ ရောက်ပြီး ၃ နှစ်ခန့်အကြာတွင် သူအလုပ်လုပ်သော အင်္ကျီချုပ်ဆိုင်၏ မျက်စောင်းထိုးရှိ အမျိုးသမီးကော်ကပ်အပ်ချုပ်ဆိုင်မှ ထားဝယ်သူ မမူမူထွေး နှင့် လူငယ်ဘာဝ
ချစ်ကြိုက်ခဲ့ကြသည်။မမူသည် မိခင် ၊ညီမဖြစ်သူ သမီးတစ်ယောက်မိခင် တို့နှင့်အတူ နေထိုင်၍ ကော့
သောင်းဈေးထဲတွင် ဆိုင်ခန်းငှားပြီး ညီအစ်မနှစ်ယောက်အင်္ကျီချုပ်ဆိုင်ဖွင့်၍ အေးချမ်းစွာလုပ်ကိုင်နေထိုင်
သူများဖြစ်သည်။ညီမဖြစ်သူ၏ ခင်ပွန်းမှာ လှေလိုက်ရင်း မုန်တိုင်းမိ၍ စက်လှေမှောက်ပြီး ဘဝဆုံးခဲ့ရသဖြင့်
သမီးတစ်ယောက်နှင့် ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ်ခဲ့ရရှာသည် ။ကိုထွန်းဝင်းနှင့်မမူတို့ သမီးရည်းစားဖြစ်ပြီး
တစ်နှစ်ခန့်အကြာ မိဘများကိုအသိပေး၍ နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုး၍ လက်ထပ်ခဲ့ကြသည်။
မမူ၏ မိသားစုကလည်း ကိုထွန်းဝင်း၏ စိတ်ဓါတ်ကိုသိသဖြင့် ကန့်ကွက်ခြင်းမရှိပေ။လက်ထပ်ပြီးတစ်နှစ်ခန့်
့ကြာသာအခါ သမီးလေးတစ်ယောက် ထွန်းကားလာခဲ့ကြသည်။ထိုအချိန်အထိ ကိုထွန်းဝင်းမှာ မိဘဆွေမျိုး
များထံသို့ တစ်ခေါက်တစ်လေပင်မပြန်ဖြစ်ခဲ့ရရှာ။မကြာခဏ မိဘများထံသို့ စာမှန်မှန်ရေးပြီး နေထိုင်
ကောင်းကြောင်း ၊အလုပ်အကိုင်များ အဆင်ပြေ၍ အိမ်ထောင်လည်းကျ သမီးလေးတစ်ယောက်လည်းရရှိ
နေပြီး ရွာမှထွက်လာသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သောကြောင့် အဖေ အမေ နှင့် ညီအစ်ကိုမောင်နှမများကို
အထူးသတိရကြာင်း မကြာခင် သမီးလေးနှင့်ဇနီးတို့ကိုပါခေါ်လာ၍ ရွာသို့ပြန်လာပြီး မိဘများကိုကန်တော့
မည်ဟုသာ စာမှန်မှန်ရေးနေရရှာသည်။
           သူ၏ ဘွဲ့ထူးဂုဏ်ထူး များဖြစ်သော ရိုးသားခြင်း ၊ ကြိုးစားခြင်း ၊သစ္စာရှိခြင်း တို့ကြောင့် ထိုက်
တန်သော အလုပ်တစ်ခုကို စက်လှေများစွာပိုင်ဆိုင်သော ကော့သောင်းမှ သူဌေးတစ်ယောက်ထံတွင်
ရရှိသည် ။
             ကံကောင်းချင်တော့ သူဌေးဦးဇော်ဦးနှင့် ထိုင်းနှိုင်ငံမှ ထိုင်းလူမျိုးသူဌေးတစ်ဦး စပ်တူပူးပေါင်း
၍စက်လှေတစ်စီး တည်ထောင်လုပ်ကိုင်ရန် အကြောင်းဖန်လာသည် ။ထိုင်းလူမျိုးသူဌေးက ငွေကြေးတစ်
ဝက်စိုက်ထုတ်၍ လုပ်ငန်းပူးပေါင်းလုပ်ကိုင်ရန် ဦးဇော်ဦးနှင့်တိုင်ပင်သည် ။ဦးဇော်ဦးဖက်မှ လှေတွင်လိုက်ပါ
လုပ်ကိုင်မည့် အလုပ်သမားများနှင့် မြန်မာနှိုင်ငံဖက်မှ ဈေးကွက်ဝင် ပစ္စည်းများဖြစ်သော ကြိမ် ၊ သစ် နှင့်
အခြားရေထွက်ပစ္စည်းများ ကို တာဝန်ယူရ၍ ထိုင်းသူဌေးကလည်း ဈေးကွက်ဝင်မည့် အချိုရည်ဗူးများ ၊
စားသောက်ကုန်ပစ္စည်းများ နှင့် အခြားတန်ဖိုးကြီး ကျောက်မျက်ရတနာများကို တာဝန်ယူ၍ကူးသန်းရောင်း
ဝယ်ရန်နှစ်ဦးသဘောတူညီ လုပ်ကိုင်ကြသည်။
            ထိုစက်လှေသည် ကော့သောင်းမှ ထိုင်း ၊မလေးရှား ၊စင်္ကာပူ နိုင်ငံတို့သို့  တရားမဝင် မှောင်ခို
ကူးသန်းရောင်းဝယ် လုပ်ကိုင်ခြင်းဖြစ်သည် ။ထိုအချိန်က မလေးရှား ၊ စင်္ကာပူနိုင်ငံတို့တွင် လုံခြုံရေးစနစ်
များ မတိုးတက်သေး ခေတ်မမှီသေးသောကြောင့်  အန္တရာယ်မရှိပေ ။ တော်တော်လည်း စီးပွါးရေး
တွက်ခြေကိုက်၍ အမြတ်အစွန်းလည်း များစွာရရှိခဲ့ပါသည်။ထိုစက်လှေတွင် ကိုထွန်းဝင်းသည် သူ၏ ရိုးသား
ကြိုးစား သစ္စာရှိခြင်း ဂုဏ်သတင်းတို့ကြောင့် သူဌေးဦးဇော်ဦးမှ ရွေးချယ်၍  လှေဦးစီးရာထူးကို ပေးအပ်
လုပ်ကိုင် စေခဲ့ခြင်းဖြစ်သည် ။ကိုထွန်းဝင်းကလည်း ရိုးသားခြင်း ၊ ကြိုးစားခြင်း ၊သစ္စာရှိခြင်းများကို နေ့စဉ်
နှင့်အမျှ မပြုလုပ် မထိမ်းသိမ်းရလျှင် စားမဝင် အိပ်မပျော်သော လူတစ်ယောက်ြ်ဖစ်သောကြောင့် သူ့ကို
သူဌေးနှစ်ယောက်စလုံးက ယုံကြည်သည်ထက်ယုံကြည်ကာ စက်လှေတစ်စီးလုံး ဝကွက် အပ်နှံလိုက်
သဖြင့် ကိုထွန်းဝင်းလည်း ပိုမိုကြိုးစားလုပ်ကိုင်ခဲ့သောကြောင့် သူဌေးနှစ်ဦးလည်း စီးပွါးဖြစ် သူ့ဘဝလည်း
 သာယာစိုပြည် လာခဲ့တော့သည် ။
              အိမ်ထောင်ကျပြီး သားသမီးများ  ရရှိနေပြီဖြစ်သော ကိုထွန်းဝင်းသည် ဝင်ငွေများများ ရနှိုင်မည်
ထင်သောအလုပ်များကိုပြောင်းရွှေ့လုပ်ကိုင်ရာမှ ငါးဖမ်းစက်လှလိုက်ခြင်း ၊မှောင်ခိုစက်လှေလိုက်ခြင်း များ
ကို လုပ်ကိုင်ခွင့် ကြုံကြိုက်လာခဲ့ရသည်။ရရှိလာသော ငွေကြးလေးများကို စုဆောင်းသိမ်းဆည်း၍ ရွာသို့
တစ်ခေါက်ပြန်ပြီး မိဘများကို ကန်တော့ရန် ရည်မှန်း၍ အလုပ်များကို ပိုမိုကြိုးစား ရုန်းကန်လှုပ်ရှား နေခဲ့
သည် ။
                       ကိုထွန်းဝင်းတစ်ယောက်  အတော်အသင့် စုမိဆောင်းမိ ရှိသောအခါ ရွာသို့ပြန်ရန်
စိုင်းပြင်းခဲ့သည်။မိဘနှစ်ပါးအတွက် ဆေးဝါးများ ၊အသုံးအဆောင်ပစ္စည်းများ ၊ငပိ ငါးခြောက် ငံပြာရည်မှ
အစ ယိုးဒယားပစ္စည်းများကို တစ်နင့်တစ်ပိုး ဝယ်ယူ၍ မိသားစုနှင့်အတူ ဘိုကလေးသို့ထွက်လာခဲ့တော့
သည်။ဘိုကလေးရောက်တော့ ကွဲကွာနေရတာကြာပြီဖြစ်သော မိဘနှစ်ပါးကို လက်ဆောင်ပစ္စည်းများဖြင့်
ကန်တော့သည်။ကျန်ညီအစ်ကိုမောင်နှမများကိုလည်း လက်ဆောင်ပစ္စည်းများကိုလည်း ထိုက်သင့်သလို
ပေးသည် ။ရွာတွင်ကျန်ရစ်သော မိဘနှစ်ပါးမှာလည်း လိမ္မာသိတတ်သော သား၏ရိုသေလေးစားမှု့ ၊ မိဘ
ကျေးဇူးအထူးသိတတ်မှု့တို့ကြောင့် မိဘနှစ်ပါးမှာလည်း ပျော်ရွှင်ကြည်နူးဝမ်းမြောက်လျှက် သား ၊ချွေးမနှင့်
မြေးမလေးတို့ကိုဖက်၍ ငိုကြွေးနေရှာသည် ။ကျန်ညီအစ်ကိုမောင်နှမများကလည်း ထိုမြင်ကွင်းကို ကြည့်
ရင်း သူတို့၏ ရင်တွင်း၌ လှိုက်လှိုက်လှဲလှဲ ခံစားကြရပြီး ဖြေမဆည်နှိုင်ကြ ။မျက်ဝန်းအစုံတွင် မျက်ရည်စ
များပင်တွဲခိုလို့  ရင်နင့်ကြေကွဲနေကြရရှာသည် ။
                   ကိုထွန်းဝင်းသည် ရွာမှအိမ်ကိုရောင်း၍ မိမိတွင်စုဆောင်းထားရှိသော ငွေနှင့်ပေါင်းပြီး
ဘိုကလေးမြို့ပေါ်တွင် အိမ်တစ်လုံးဝယ်ယူ၍ မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမများကို ပြောင်းရွှေ့နေထိုင်
စေသည် ။မိဘနှစ်ပါး ရွာတွင် ဆင်းဆင်းရဲရဲ နေရသည်ကို မကြည့်ရက်သော ကိုထွန်းဝင်း၏စိတ်ဓါတ်ကို
တစ်ရွာလုံး ချီးကျူးမဆုံး တစ်ပြုံးပြုံးဖြင့် ကောင်းချီးပေးကြသည် ။မိဘကျေးဇူး အထူးသိတတ်သောသား
ရှာမှရှား ဒီသားဟူ၍ မိဘနှစ်ပါးမှာလည်း  တစ်ရွာလုံးသို့ကြွားမဆုံးတော့ချေ ။တစ်ရွာလုံးကလည်း မျက်မြင်
သိရှိပြီးဖြစ်သည်မို့ နားလည်လက်ခံပေးကြသည် ။ ငါတို့မှာလည်း ဒီလို သိတတ်လိမ္မာသော သားသမီးလေး
တစ်ယောက်လောက်ရှိလျှင် ကောင်းမည်ဟု တစ်ရွာတည်းနေသူ မိတ်ဆွေများက မြည်တမ်းကြသည် ။အ
တော်ပင် ဝမ်းမြောက်ကြည်နူးချမ်းမြေ့ဖွယ်ပင် ။ကိုထွန်းဝင်းသည် မိဘဆွေမျိုးများနှင့် ၃လခန့်နေထိုင်ပြီး
ဇနီးနှင့်သမီးကိုခေါ်၍ ကော့သောင်းမြို့သို့ပြန်လာခဲ့ကြတော့သည် ။
                     ကိုထွန်းဝင်း ကော့သောင်းမြို့သို့ရောက်သည်နှင့် ဘိုကလေးမြို့မှ မိမိတတ်နှိုင်သမျှဝယ်
ယူလာသော စားသောက်စရာများ ၊ဆေးဝါးပစ္စည်းများကို သူဌေးဦးဇော်ဦးထံသွား၍ ကန်တော့ရင်း မိဘရပ်ထံမှ ပြန်လည်ရောက်ရှိကြောင်းနှင့် လှေလိုက်ရန် အသင့်ဖြစ်ပြီဖြစ်ကြောင်း အသိပေး၍ သူဌေးနှင့်
နှစ်ဦးသား နေ့ကောင်းရက်မြတ်ရွေးချယ်ပြီး လှေထွက်ရမည့်ရက်ကို သတ်မှတ်ညှိနှိုင်းကာ အိမ်သို့ပြန်လာ
ခဲ့တော့သည်။
               ကိုထွန်းဝင်း၏ တာဝန်မှာ  လှေပေါ်တွင် တင်ဆောင်လာသော ကုန်ပစ္စည်းများကိုစာရင်းနှင့်
တစ်ကွ စင်္ကာပူဆိပ်ကမ်းတွင်လည်းကောင်း ၊ မလေးရှားဆိပ်ကမ်းတွင်လည်းကောင်း သူဌေးနှစ်ဦး၏
လူယုံတော်များကို ပေးအပ်ရပြီး သူဌေးလူယုံတော်များမှ ကုန်ပစ္စည်းများ၏ တန်ဖိုးကို ကိုထွန်းဝင်းထံ
 ပြန်လည်ပးအပ်ရသည်။ကိုထွန်းဝင်းက ရရှိလာသောငွေကြေးများကို လှေလုပ်သားများအား လစာငွေ
ရှင်းစရာရှိက ရှင်းပေးရခြင်း ၊လမ်းခရီးအတွက် စားနပ်ရိက္ခာ ဝယ်ယူခြင်း ၊မြန်မာပြည်အပြန်ခရီးအတွက်
ဈေးကွက်ဝင်မည့်ပစ္စည်းများ ၊တွက်ချေကိုက်မည့်ပစ္စည်းများကို ဝယ်ယူတင်ဆောင်လာခြင်းစသည့် တာ
ဝန်များ ဦးဆောင်လုပ်ကိုင်ရသည်။မြန်မာပြည် ကော့သောင်းမြို့သို့  ပြန်လည်ရောက်ရှိသည်နှင့် သူဌေး
နှစ်ဦးနှင့်တွေ့ဆုံ၍ ဝယ်ယူတင်ဆောင်လာသောပစ္စည်းများ ၊ရငွေ သုံးစွဲငွေ ၊လက်ကျန်ငွေ စသည့်တို့ကို
စာရင်းအင်းနှင့်တစ်ကွ ပြန်လည်ပေးအပ်ရသည်။သူဌေးနှစ်ဦးက ကိုထွန်းဝင်းအတွက် လုပ်ခလစာငွေနှင့်
ဘောက်ဆူးများကို  ပြန်လည်ပေးအပ်သည်။တစ်ခါတစ်ရံ နှစ်ကြောင်း သုံးကြောင်းခန့်ကြာမှ စာရင်းရှင်း ရသည့်  အကြိမ်များလည်းရှိသည် ။
                ကော့သောင်းမှ စက်လှေပေါ်သို့ ကုန်ပစ္စည်းများ  တင်ဆောင်ခြင်းအလုပ်မှာ ၅ ရက်ခန့်
ကြာမြင့်သည်။ထိုနောက် ကော့သောင်းမှကုန်ပစ္စည်းများ တင်ဆောင်ပြီး ထိုင်းနိုင်ငံ ရနောင်းတွင် ၃ ရက်
ခန့်ကုန်ပစ္စည်းများ တင်ဆောင်၍   ကော့သောင်းမှ ထိုင်း ၊ မလေးရှား ၊စင်္ကာပူ နိုင်ငံများသို့ ခရီးစတင်ခဲ့ကြ
ပြီး တစ်ဖန် စင်္ကာပူမှ မလေးရှား ၊ထိုင်း ၊ကော့သောင်းသို့  ပြန်လည်ခရီးနှင်လာခဲ့ကြရာ တစ်ကြောင်းလျှင်
ရက် ၂၀ ခန့်ကြာမြင့်သည် ။
               ဒီတစ်ခေါက် ကော့သောင်းမှ စက်လှေ စတင်ထွက်ခွာလာခဲ့ချိန်မှ ယနေ့အချိန်အထိ  ၃ လခန့်  ကြာမြင့်ခဲ့သည်အထိ သူဌေးဦးဇော်ဦး နှင့်ထိုင်းသူဌေး တို့အား စာရင်းရှင်းစရာရှိသည်များကိုပင် မရှင်းနိုင်
မလင်းနိုင်သေးပဲ အမေရိကန်ဒေါ်လာများ ၊စင်္ကာပူဒေါ်လာများ ၊မလေးရင်းဂစ်များ ၊စိန်ရွှေ ရတနာ ပစ္စည်း
များကို ထိန်းသိမ်းထားရသောကြောင့် ကိုထွန်းဝင်း တစ်ယောက် ခေါင်းကြီးနေရရှာသည် ။ပစ္စည်းများကို
တော့  လုံခြုံစိတ်ချရသော နေရာတွင် လျှို့ဝှက်စွာ သေချာသိမ်းဆည်းထားသည် ။ထိုပစ္စည်းများ လျှို့ဝှက်
စွာသိမ်းဆည်းထားသည်ကို မည်သူတစ်ဦးတစ်ယောက်မှ မသိနိုင်အောင် စံနစ်တစ်ကျ ကြိုတင်စီမံဆောင်
ရွက်ထားသည် ။ထိုသို့ပြုလုပ်ထားသည့် လျှို့ဝှက်နေရာကိုတော့ သူဌေးဦးဇော်ဦး တစ်ယောက်တည်းကို
လွန်ခဲ့သော ၁၀ နှစ် ခန့်လောက်ကတည်းက ပြောပြ ရှင်းပြထားသည် ။ သူဌေးဦးဇော်ဦးက ကိုထွန်းဝင်း၏
အမျှော်အမျှင်ရှိရှိ ကြိုတင်တွက်ဆတတ်သည့် စိတ်ကူးအကြံဥာဏ်ကို သဘောကျ ကျေနပ်နှစ်သက်ခဲ့ပြီး
ပိုမိုယုံကြည်စိတ်ချ အားထားခဲ့သည် ။
                 မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းသည် မလေးရှားအစိုးရနှင့်သော်လည်းကောင်း ၊  စင်္ကာပူ
အစိုးရနှင့်သော်လည်းကောင်း တစ်ချိန်မဟုတ် တစ်ချိန်ချိန် တွင် ငြိစွန်းနိုင်သောကြောင့် ကိုထွန်းဝင်းက
သူဌေးဦးဇော်ဦးအား ကြိုတင်အသိပေးထားခြင်းဖြစ်သည်။မတော်တစ်ဆ ဖမ်းဆီးခံရပါက လှေပေါ်တွင်
ပါသောပစ္စည်းများသာမက လှေကိုပါသိမ်းဆည်းပြီး လှေသားများကိုပါ အရေးယူအပြစ်ပေးခံရမည်ကို
ကိုထွန်းဝင်းသာမက သူဌေးဦးဇော်ဦးနှင့်ရှယ်ယာတူ ထိုင်းသူဌေးတို့ကလည်း သိရှိနားလည်ထားကြသည်။
                 ကိုထွန်းဝင်းတစ်ယောက် ဦးဇော်ဦးစက်လှေတွင်လုပ်ကိုင်လာသည်မှာ ၁၅ နှစ်ခန့်
ကြာမြင့်လာသောအခါ  ကံဆိုးမိုးမှောင်ကျသော နေ့ရက်သို့ ရောက်ရှိလာခဲ့တော့သည် ။
                  ဒီနေ့ ရာသီဥတု သာယာကြည်လင်သာကြောင့် ကိုထွန်းဝင်းတစ်ယာက် လှေဦးတွင် တစ်
ယောက်တည်း လဲလျှောင်းရင်း တိမ်မြူကင်းစင်လျှက် အနက်ရောင် ကတ္တီပါပိတ်သားပြင်တွင် အရွယ်စုံ
စိန်ပွင့်ကလေးများ ပြန့်ကျဲထားဘိသကဲ့သို့ ကြယ်ရောင်များ လင်းလက်တောက်ပလျှက် ရင့်ကျက်တည်ငြိမ်
အေးချမ်းလှသော ကောင်းကင်ပြင်ကျယ်ကြီးကို ကြည့်ငေးရင်း .....အတိတ်မှ မိမိဖြတ်သန်းခဲ့ရသော ဘဝ
တစ်လျှောက်လုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်တွေးတောနေမိသည်။အတွေးရေယာဉ်ကြောတွင် လွင့်
မျောချင်တိုင်း မျောနေမိသည်။ငယ်စဉ်တောင်ကျေး ကလေးဘဝမှ ယနေ့ထက်တိုင်အောင် ဘဝ၏ အထုအထောင်း အနှိပ်အစက်ခံ ဒါဏ်ရာ ဒါဏ်ချက်များ ကံကြမ္မာလှည့်ကွက်များ မအောင်မြင်ကျရှုံးခဲ့
ရသည့် အဖြစ်အပျက်များ ၊ပျော်ရွှင်ခြင်း ၊ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊တစ်စစီ ပြိုကွဲသွားသောစိတ်ကူးယဉ်
အိပ်မက်များ ၊ဖြစ်ချင်သလိုဖြစ် ပျက်ခြင်သလိုပျက် မတည်မြဲသော ဘဝ၏ကံကြမ္မာ အလှည့်အပြောင်းတို့ကို
သုံးသပ်တွေးတော ဆင်ခြင်နေမိတော့သည်။မိမိ၏မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမများ အတွက် မိမိတာ
ဝန်ကျေပွန်သလော....။မိမိလက်ရှိ ဇနီးမယား သမီးသားတို့အပေါ် ၌လည်း တာဝန်ကျေပွန်ပါ၏လော....။
လုပ်ပေးစရာ လုပ်ပေးသင့်တာ လုပ်ပေးနှိုင်တာ ဘာတွေကျန်နေဦးမလဲ....။မိဘနှစ်ပါးကို ပြုစုစောင့်
ရှောက်ရမည်ဖြစ်သလို မိမိ၏ မိသားစုအပေါ်တွင်လည်း မပျက်ယွင်းသင့်။မိမိကိုယ်တိုင်အတွက် လည်း
လုပ်ရဦးမည် ။
                   လောဘ ဒေါသ မောဟ စိတ်များဖိစီးပြီး သားရေးသမီးရေး ဦးစားပေးလျှက် ခွန်အားရှိသမျှ
ဥာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ကိုင်ရှာဖွေ ကျွေးမွေးလာခဲ့သည်မှာ ကာလအတန်ကြာခဲ့ပါပကောလား...။
သို့ပေသိ ပင်ပန်းသည်ဟုမထင် ၊စိတ်ပျက်သည်ဟုမရှိ ၊။ မိမိကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘကျေး
ဇူးကို သိနားလည်ခဲ့ရသည် ။သိရှိနားလည်ခွင့်ကြုံရသည်....။
                 ဒီတစ်ခေါက် စင်္ကာပူမှ ကော့သောင်းသို့ တိုက်ရိုက်ပြန်ရန် သူဌေးဦးဇော်ဦးမှ ကိုထွန်းဝင်းထံ
သို့ အကြောင်းကြားထားသည် ။ရှင်းလင်းစရာရှိသည်များကို ရှင်းလင်းရမည်။ထို့ကြောင့် မိမိလျှို့ဝှက်စွာ
သိမ်းဆည်းထားသည့် ပစ္စည်းများ ၊ငွေများကို စစ်ဆေးကြည့်ရှုရန် သတိရပြီး လှေပေါ်တွင် လိုက်ပါလုပ်ကိုင်
လျှက်ရှိသော လှေသားများအား လိုက်လံကြည့်ရှု စစ်ဆေးရင်း အခြေအနေကို အကဲခတ်ကြည့်သည် ။အား
လုံးပုံမှန်အတိုင်း အိပ်သူကအိပ် အလုပ်လုပ်သူကလုပ်နှင့် ပုံမှန်လည်ပတ်နေသည်။ကိုထွန်းဝင်းလည်း မအိပ်သေးသောသူများ အလုပ်လုပ်နေသည့်သူများကို လုပ်စရာရှိသည်များကို လုပ်ရန် အလုပ်ပြီးစီးပါက
ကိုယ့်အခန်းသို့ပြန်၍ အိပ်ရန် ၊ လှေပေါ်တွင် ကင်းစောင့်ရမည့်သူများ သေချာစွာစောင့်ကြည့်ရန် အရေး
ပေါ် အခြေအနေတစ်ရပ်ရပ်နှင့် ကြုံတွေ့ပါက မိမိအခန်းအားလာရောက် နှိုးရန် မိမိလည်း ပင်ပန်းနေပြီဖြစ်
သောကြောင့် အနားယူအိပ်စက်တော့မည်ဖြစ်ကြောင်း လှေသားအားလုံးကို သတိပေးပြောဆိုပြီး  မိမိအိပ်
ခန်းရှိရာသို့ ပြန်လာခဲ့တော့သည်  ။
                   အခန်းတွင်းရောက်တော့ မအိပ်နှိုင်သေးပဲ ခေါင်းရင်းဘုရားစင်ကို သန့်ရှင်းခြင်း ၊မြတ်စွာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား သောက်တော်ရေများကပ်လှူခြင်း ၊သစ်သီးများကပ်လှူပူဇော်ခြင်း များ
ပြုလုပ်ပြီး ဘုရားကန်တော့ မေတ္တာပို့ အမျှအတမ်းဝေသည်။ ဘုရားကန်တော့ပြီးသည်နှင့် ဘုရားစင်
အောက်ခြေတွင် ချိတ်ဆွဲထားသော ပြက္ခဒိန် နှင့်နံရံကပ်ပိုစတာပုံများကို သေသေသပ်သပ် ခွါ၍ ထိုပိုစတာများအောက်တွင် ပစ္စည်းများ ၊ငွေများ လျှို့ဝှက်သိမ်းဆည်းရန် စီမံပြုလုပ်ထားသော အမြင့် ၁ ပေ
ခန့် အလျှား ၂ ပေခန့်ရှိ အခန်းငယ်ကို သေချာစွာဖွင့်၍ ပစ္စည်းများအားစစ်ဆေးသည်။အားလုံးလက်ရာမယွင်း ခြေရာလက်ရာမပျက် ငွေသား အမေရိကန်ဒေါ်လာ
၅ သိန်း ၊ စင်္ကာပူဒေါ်လာ ၃ သိန်း ၊မလေးရှား ရင်းဂစ် ၂ သိန်း ၊စိန်လက်စွပ် အရွယ်စုံ အကွင်း ၂၀၀ နှင့်
ရွှေဆွဲကြိုး အကုံး ၂၀၀  အားလုံးပြည်စုံသည်။သေချာစွာစစ်ဆေးကြည့်ရှုပြီးသည်နှင့် လက်ရာမပျက်
 ပြန်လည်သိမ်းဆည်း၍ အိပ်ယာပေါ်သို့ လဲလျှောင်းအနားယူရင်း အိပ်စက်လိုက်တော့သည်..................။

Tuesday, August 2, 2011

စာမျက်နှာ ၃၁

နောက်တစ်ကြိမ်ပြန်ဆုံ မဆွေးနွေးခင် လုပ်သင့်လုပ်ထိုက်တာမှန်သမျှ လုပ်ရမည်။“စ”ရှိမိတ်ဆွေများထံ
ဖုန်းဆက်၍အကျိုးအကြောင်း သေချာစုံစမ်းရမည်..ပိုမိုတိကျအောင် နေရာအတိအကျ မြေပုံနှင့်တစ်ကွ
ဓါတ်ပုံများပါရရှိအောင်စီမံရမည်။အနီးဆုံးနေရာတွင် တည်းခိုစုံစမ်းနှိုင်အောင် ကြိုတင်စီစဉ်ရမည်။
ခေါင်းထဲတွင် အစီအရီပေါ်လာသောအတွေးအာရုံများ မေ့ပျောက်မသွားရအောင် စာရွက်လွတ်တစ်ခုယူ၍
သေချာအောင် လုပ်ရမည့်ကိစ္စမှန်သမျှ ထောင့်စေ့အောင် အကွက်စေ့အောင် သေချာရေးမှတ်
ထားလိုက်သည်။မိမိတို့လှုပ်ရှားမည့် နေရာပါတ်ဝန်းကျင်အနီးရှိ လုံခြုံရေးအခြေအနေ ၊
ပါတ်ဝန်းကျင်အနေအထား ၊လိုအပ်မည့်ပစ္စည်းများ ဝယ်ယူရရှိနှိုင်မည့်နေရာတို့ကိုပါ လက်ရှိ“စ” တွင်
အလုပ်လုပ်နေသော မိတ်ဆွေထံ သေချာအောင် စုံစမ်းထားခိုင်းလိုက်သည်။
ကျွန်တော့်အနေနဲ့တော့ ဒီကိစ္စကို အကောင်အထည်ဖေါ်ရန် စိတ်လေးနေသည်။တွေ့ရှိလာမည့် အန္တရာယ်ကို
ကြိုတင်တွက်ဆမိသည်။ တစ်ခြားလူတွေတော့ မည်သို့ဖြစ်မည်မသိသော်လည်း မိမိတစ်ဦးတည်း ခံစားချက်ကို
ရှေ့တန်းတင်၍ နောက်ဆုတ်ရန်မဖြစ်ပေ။အတတ်နှိုင်ဆုံးတော့ ကောင်းအောင်လုပ်ရန်သာရှိတော့သည်။ရင်ထဲ
တွင် စိုးရိမ်ပူပန်မှုက နေရာယူကြီးစိုးလာပြန်သည်။သာယာစိုပြည်နေသော လက်ရှိ ကျွန်တော့်ဘဝလေး ဖရိုဖရဲ
ပြိုကွဲလွင့်ပျောက်သွားမှာကို စိုးကြောက်မိသည်ကတော့အမှန်ပင်။
ထိုညတစ်ညလုံး အတွေးတို့က ဟိုရောက်လိုက် ဒီရောက်လိုက်ဖြင့် မိုးလင်းခဲ့ရတော့သည်။အိပ်မောကျနေသော
ဘေးမှဇနီးချောလေးကို ကြည့်၍ သနားဂရုဏာဖြစ်မိသည် ဆွေးမြည့်ရင်နာစွာ ကြည့်ရင်းသက်ပြင်းမောတို့
အခါခါချမိသည်။အိပ်ယာပေါ်မှဆင်းလာခဲ့ပြီး အပေါ့အပါးသွား သောက်ရေအိုးစင်မှ ရေတစ်ခွက်သောက်ပြီး
သားနှင့်သမီးတို့ အခန်းတွင်းသို့ ဝင်လာခဲ့သည်။အပြစ်ကင်းစင်သော လောကလူ့ဘဝတို့ကိုဘာမျှ မသိရှာသော
သူတို့လေးတွေကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည် မျက်နှာပြင်တွင် ချွေးလေးများပင်စို့လို့...။
သနားကြင်နာစွာ သူတို့လေးတွေ၏ မျက်နှာပြင်တစ်ဝိုက်ရှိ ချွေးစို့နေသော နေရာလေးများကို လက်ကိုင်ပုဝါဖြင့်
တို့သုတ်ရင်း နူးညံ့ပြည့်ဖြိုးလျှက်ရှိသော ပါးပြင်နုနုလေးကို ဖွဖွနမ်းမိသည်။သူတို့လေးတွေကိုကြည့်၍ သက်ပြင်းမောတို့ အခါခါချမိပြန်သည်။မိမိဘဝတစ်လျှောက်လုံး သက်ပြင်းမောတို့ အကြိမ်ကြိမ်ချခဲ့ရသည်မှာ
အကြိမ်ပေါင်းကုဋေကဋာမကတော့....လွင့်ပျံ့နေသောစိတ်အစဉ်ကို ပြည်လည် စုစည်းရင်း
တစ်ရေးအိပ်လိုက်သည်.........။
ဒီကိစ္စကို ဇနီးသည်နှင့် ဖွင့်ဟတိုင်ပင်သင့်သည်ဟုထင်သည်။အမေ့ကိုလည်း တိုင်ပင်ဆွေးနွေးပြီး လုပ်သင့်မလုပ်သင့် အမေ့ အကြံ ဥာဏ်ကို နာယူသင့်သည်ဟု ကျွန်တော်ယုံကြသည်။အမေကတော့ ဘာမှ
ပြောမည်မဟုတ် ကျွန်တော့်ဆန္ဒကို ဆန့်ကျင်မည်မဟုတ် သတိဝိရိယထားပြီး နှိုင်းနှိုင်းချိန်ချိန် လုပ်ရန်သာ
ပြောမည်။ဇနီးသည်ကတော့ ကန့်ကွက်မည်ထင်သည်။အမေကတော့ ကျွန်တော်တို့ညီအစ်ကိုတစ်တွေ ဘာ
လုပ်လုပ် ဘယ်တော့မှ ဘာမှမပြော။

Saturday, July 30, 2011

စာမျက်နှာ ၃၀

“အားလုံးက ညီညီညွတ်ညွတ် ကျေကျေနပ်နပ် နဲ့ ကျွန်တော့်ကို ခေါင်းဆောင်နေရာကို ပေးအပ်တဲ့အတွက်
ကျွန်တော့်အနေနဲ့ ကျေးဇူးလည်းတင်တယ် ဝမ်းလည်းသာတယ် ကျေလည်းကျေနပ်တယ် ဂုဏ်လည်းဂုဏ်ယူ
မိပါတယ်...ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တစ်ခုတော့ပြောချင်ပါသေးတယ်...”
ပြောလက်စ စကားကိုခေတ္တရပ်နားထားလိုက်ပြီး ဖန်ခွက်ထဲမှ လက်ကျန်အရက်ကို ကောက်မော့လိုက်သည်
ကျွန်တော်လည်း မူးမူးနှင့်ပင်
“ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာ တစ်ကယ်တမ်းတွေးကြည့်ရင် တော်တော်လေးကိုမလွယ်ဘူးလို့ ကျွန်တော်ထင်မိတယ်...ကျွန်တော်သိရသလောက်တော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျင့်ရမဲ့ ကိုယ်ကျင့်တရား ရှိသင့်ရှိထိုက်ရမဲ့ အရည်အချင်း စောင့်ထိမ်းရမဲ့ဝတ္တရား အဲ့ဒါတွေ မိမိရဲ့ နှလုံးသား
ဦးနှောက်ထဲမှာ မရှိပဲနဲ့တော့ ခေါင်းဆောင်တစ်ယောက် မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်...”
“ ဟာဗျာ...ကိုသိန်းအေးကလည်း ကျွန်တော်သိရသလောက် ကျွန်တော်တို့ဝန်းကျင်မှာ မြင်ဖူး ကြုံဖူး တွေ့ဖူး
သမျှ လက်ရှိခေါင်းဆောင်ကြီးတွေအားလုံး ကိုသိန်းအေးသိသလိုတောင် သိမယ်မထင်ပါဘူးဗျာ အားလုံးတစ်
ကိုယ်ကောင်းသမားတွေချည်းပါပဲ...”
“ ဟုတ်တယ်...ဇော်လတ် ပြောသလိုပါပဲ အားလုံး ငါ့ဖို့ငါ့မိသားစုဖို့ ငါ့ဆွေမျိုးအသိုင်းအဝိုင်းဖို့ ဒီလိုလူမျိုးတွေကို
ပဲမြင်တွေ့နေရတာ ရိုးအီလို့တောင်နေပါပြီဗျာ.....”
အောင်အောင် ကပါဝင်၍ ထောက်ခံပြောဆိုလိုက်ပြန်သည်။ကျန်လူများကလည်း...
“ ဟုတ်သားပဲ...”
“ အေးလေ..”
“ဟုတ်တာပေါ့..”
“မှန်လိုက်လေ...”
“သူတို့လည်း ကျွန်တော်သိသလောက်တော့ သိကြလိမ့်မယ်ထင်ပါတယ် ဒါပေမဲ့ လိုက်နာစောင့်ထိမ်းဖို့ သိပ်ခက်
ခဲတယ်မဟုတ်လား တစ်ကိုယ်ကောင်းဆန်ဖို့ လွယ်သလောက် အများအကျိုးဆောင်ဖို့ တော်တော်လေးကိုအနစ်
နာခံ ကိုယ်ကျိုးစွန့်ဖို့ မလွယ်လှဘူး မဟုတ်လား...”
“ဒါတော့လည်း ဒါပေါ့လေ..လူသာမန်တွေလုပ်နိုင်ခဲတဲ့ကိစ္စ မဟုတ်လား...”
“ကဲပါဒါတွေ..အသာထားပြီး ကျွန်တော်ပြောချင်တာက ခေါင်းဆောင်တစ်ယောက်ဆိုတာ...မိမိလက်အောက်
ငယ်သားတွေအပေါ် အနစ်နာခံတတ်ရမယ် ကိုယ်ကျိုးစွန့်နိုင်ရမယ် မိမိနဲ့ပါတ်သက်ဆက်နွယ်သမျှ လူတွေအပေါ်မှာ ကြင်နာသနားတတ်ရမယ် ကိုယ်ချင်းစာတရားရှိရမယ် ဦးဆောင်ဦးရွက်ပြုနိုင်ရမယ် ရှေ့ဆောင်လမ်းပြနိုင်ရမယ် ဖြောင့်မတ် မှန်ကန် တည်ကြည် ရမယ် စိတ်နှလုံးသဘောထား ဖြူစင်ရှင်းသန့်ရမယ်...အများတစ်ကာထက်သာတဲ့ အတွေးအခေါ် အမြင်ရှိရမယ်
ဒါဟာ ကျွန်တော်သိရသလောက် ပြောပြတာ..ဒီ့ထက်မကရှိသေးတယ်..အဲ့ဒါကြောင့် နောက်ဆုံးအနေနဲ့
ကျွန်တော်ပြောချင်တာက အဲ့ဒီအရည်အချင်းတွေ ကျွန်တော့်မှာမရှိပဲနဲ့တော့ ခေါင်းဆောင်တစ်ယောက်
မလုပ် သင့်ဘူးလို့ကျွန်တော်ထင်တယ်...တစ်ခြားတစ်ယောက်ကို ပြန်စဉ်းစားပေးကြပါဦးလို့ ကျွန်တော်
တိုက်တွန်းပါရစေ....”
“ကိုသိန်းအေး ကလည်း...ဒီလိုမလုပ်ပါနဲ့..အားလုံးကလည်းသဘောတူနေကြတာပဲ နောက်ပြီးကိုသိန်းအေး
ပြောသလို ခေါင်းဆောင်တစ်ယောက်မှာ ရှိရမဲ့ အရည်အချင်းတွေ ရှိသင့်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး
လက်ခံပါတယ်...ကိုသိန်းအေးမှာ အဲ့ဒီအရည်အချင်းတွေ အားလုံးအပြည့်အဝ မဟုတ်တောင် ရှိသင့်သလောက်
ရှိထားတယ်ဆိုတာ ကျွန်တော်တို့သိနေတာပဲ...ငြင်းပယ်မနေပါနဲ့တော့ဗျာ .. ”
အောင်အောင်က နားလည်မှုရှိစွာ သူ့အမြင်ကိုတင်ပြလာသည်..ဇော်လတ်ကလည်း ....
“ဟုတ်ပါတယ် အောင်အောင် ပြောတာမှန်ပါတယ်..တော်ရုံတန်ရုံ အမှားအနည်းအကျဉ်းလောက်ကတော့ လူ
တိုင်း မကင်းကြပါဘူး ကိုသိန်းအေးရာ နောက်ပြီး ကျွန်တော်တိုအားလုံးကလည်း ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြမှာ
ပဲ......”
ကိုသက်နိုင် ကပါ ဝင်၍
“ ကျွန်တော်တို့ ဝိုင်းပြီး အကောင်အထည် ဖေါ်မဲ့ကိစ္စ ကိုလည်း အေးအေးဆေးဆေး ဆွေးနွေးပြီး တွေ့ရှိလာမဲ့
အဆိုးအကောင်း အမှားအမှန် တွေကိုလည်း ဝိုင်း ပြီ အပြစ်အနာအဆာ ကင်းနိုင်သမျှ ကင်းအောင် အားလုံးရဲ့
အမြင် အတွေ့အကြုံ ရှိသလောက်နဲ့ ထောက်ပြရှင်းလင်း အဖြေဝိုင်းရှာကြ မှာပဲဟာ...သိပ်လည်း စိုးရိမ်မနေ
ပါနဲ့ဗျာ...အားလုံးအဆင်ပြေသွားမှာပါ....”
“ကဲ....ဒါဆိုရင်လည်း ကောင်းပါပြီဗျာ..ခင်ဗျားတို့ပေးအပ်တဲ့ ခေါင်းဆောင်တာဝန်ကို ကျွန်တော်လက်ခံလိုက်ပါပြီဗျာ...”
“ဒီလိုမှပေါ့ ကိုသိန်းအေး ရာကျွန်တော်တို့လည်း ရှိတာပဲ ဝိုင်းဝန်းညှိနှိုင်း အဖြေရှာကြတာပေါ့ဗျာ...”
“ကောင်းတယ်...ကောင်းတယ်...အားလုံးအဆင်ပြေမှာပါ...”
“ ကျွန်တော် အတတ်နိုင်ဆုံး ခေါင်းဆောင်ကောင်းတစ်ယောက် ပီသအောင် ကြိုးစားသွားမှာပါ...
အားလုံးကလည်း...ကျွန်တော်တင်ပြအကြံပြုတဲ့ ကိစ္စတွေကိုလည်း ဝိုင်းဝန်းစဉ်းစား ဆွေးနွေးပြီး အမှားတွေ့ခဲ့
ရင်လည်း ထောက်ပြပေးကြပါ..နောက်ပြီးကျွန်တော့်ရဲ့လုပ်ဆောင်ချက်တွေ မှားယွင်းမိခဲ့ရင်လည်း နားလည်
ခွင့်လွှတ်ပေးစေချင်ပါတယ်..ဝိုင်းဝန်းပြီး ဝေဖန် အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်....”
“ရပါတယ် ကိုသိန်းအေးရာ သူ့ဟာသူအဆင်ပြေသွားမှာပါ..သိပ်လည်း စိုးရိမ်ကြောင့်ကျ မနေပါနဲ့...”
“ကဲ...ဒါဆိုရင် လာမဲ့ နောက် နှစ်ပါတ်မှာ ကျွန်တော်တို့ တစ်နေရာမှာပြန်ဆုံကြရအောင်...နောက်တစ်ကြိမ်
ပြန်ဆုံကြတဲ့အခါ အားလုံးကြိုတင် စုံစမ်းနိုင်အောင်နဲ့ လွတ်ကွက်ဟာကွက်တွေ ကြိုတင်မြင်နိုင်အောင် နောက်
တစ်ကြိမ်ဆွေးနွေးမဲ့ ဦးတည်ချက်တစ်ခု ကျွန်တော်စဉ်းစားထားတယ်.....”
“ကောင်းတယ်...ဘယ်လိုကစပြီး...အကောင်အထည်ဖေါ် ရင်ကောင်းမလဲ....”
“ အဓိက..ကျွန်တော်တို့...Target...ကဘာလဲ...? ကျွန်တော်တို့ သွားရှာဖွေကြရမဲ့ သိမ်းဆီးခံထားရတဲ့ မှောင်ခို
စက်လှေ ရှိမရှိ ဆိုတာ အရင်စုံစမ်းကြရင်ကောင်းမယ်....ဘာဖြစ်လို့လဲဆိုတော့ ဒီမှာအားလုံးပြင်ဆင်ပြီးကာ မှ
ကျွန်တော်တို့ရဲ့ Target ကြီး မရှိတော့ရင် ကျွန်တော်တို့ရဲ့ ကြိုးစားထားသမျှတွေ ရင်းနှီးစိုက်ထုတ်ထားသမျှတွေ
အားလုံးဆုံးရှုံး နစ်နာသွားမယ်...ဒါကြောင့် နောက်တစ်ကြိမ် မတွေ့ဆုံခင် ဒီကြားထဲမှာ မိမိတို့နဲ့ လက်လှမ်းမှီ
သလောက် “စ”မှာရှိတဲ့ ခင်ဗျားတို့ရဲ့အသိမိတ်ဆွေ အပေါင်းအသင်းတွေထံ တတ်စွမ်းသလောက် ကျွန်တော်တို့
ရဲ့ Target ကြီးရှိမရှိ တိတိကျကျ သိရအောင်စုံစမ်းပြီး နောက်တစ်ကြိမ်တွေ့ကြတဲ့အခါ ဒီကိစ္စကို အရင်ဆုံးဆွေး
နွေးကြရအောင်...ကျွန်တော်လည်း လက်လှမ်းမှီသလောက် အစွမ်းကုန် ကြိုးစားစုံစမ်းထားမယ်.. အထောက်
အထား ခိုင်လုံတိကျမှု ရှိအောင်လည်း လုပ်ရမယ်...ကဲ..လက်ကျန်လေးတွေဖြတ်ပြီး ပြန်ကြရအောင်...
အချိန်လည်းအတော်ကြာသွားပြီ...”
“ကောင်းတယ်..ကိုသိန်းအေး..အဲ့ဒီ ဟာကို အရင်ဆွေးနွေးကြမယ်...”

Friday, July 29, 2011

အပိုင်း ၎
စာမျက်နှာ ၂၉

တော်ဝင်ပန်း စားသောက်ဆိုင်


အထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်မှိန်ပျပျအောက်တွင် စားသောက်သူများ စားပွဲဝိုင်း
များတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ဆဲဆိုခြင်း ၊ ထွေရာလေးပါး ပြောဆိုငြင်းခုံခြင်း ၊
တစ်ယောက်ကအရွှန်းဖောက်၍ ကျန်လူများ တစ်ဝါးဝါး တစ်ဟားဟား အော်ဟစ်ရယ်မော
ခြင်း ၊တစ်ချို့အဆင်မပြေသောဘဝကို စဉ်းစားသုံးသပ်ရင်း ညည်းညူမြည်တမ်းခြင်း ၊အချစ်
ရေးအိမ်ထောင်ရေး မပြေလည်အဆင်မချော အဖုအထစ်များကြောင့် စိတ်ညစ်ပြီး အရက်
သောက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်တိုင်ပင်ဆွေးနွေး ခြင်း ၊ ဇွန်းနှင့်ပန်းကန်
ထိခတ်သံ ၊ပုလင်းနှုတ်ခမ်းနှင့်ဖန်ခွက်ထိခတ်သံ တို့ဖြင့် ဆူညံလျှက် ၊ချွေးနံ့ ၊ရေမွှေးနံ့ ၊ဆေး
လိပ်မီးခိုးငွေ့နံ့ ၊အရက်နံ့တို့ ထောင်းထောင်းထလျှက် မှုံမှုံ မှိုင်းမှိုင်းအခန်းတွင်းဝယ် လွတ်လပ်
သောကမ္ဘာငယ်လေးတစ်ခုသဖွယ် .............
ဆိုင်မှစားပွဲထိုးလေးတစ်ယောက်က ကျွန်တော့်အား ကြိုဆိုရင်း........
“ ကြွပါ..အစ်ကိုကြီး...တစ်ယောက်ထဲလား ...ဘယ်နေရာမှာထိုင်မလဲ...ကျွှန်တော်စီစဉ်ပေး
မယ်....ပြီးမှ...အစ်ကိုကြီး..စိတ်ကြိုက်မှာချင်တာမှာနှိုင်ဖို့...ကျွှန်တော်ပြန်လာခဲ့ပါ့မယ်...”
“..အေးကွာ....ကျေးဇူးပါပဲ...အရင်ရောက်နှင့်နေတဲ့ ကို့မိတ်ဆွေတွေကို...တစ်ချက်ရှာကြည့်
လိုက်ဦးမယ်....”
” သြော်...ကောင်းပါပြီအစ်ကို...လိုအပ်တာရှိရင် ကျွှန်တော့်ကိုလှမ်းခေါ်လိုက်နော်...”
“အေး..အေး ကောင်းပြီ...”
ကျွှန်တော်ပြောဆိုပြီး ဆိုင်အတွင်းသို့ ဖြည်းဖြည်းချင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။တွေ့ပြီ
ဆိုင်၏ အတွင်းဖက်ကျကျ ထောင့်တစ်နေရာတွင် ထိုင်နေသောသူတို့ကလည်း ကျွှန်တော်
ဆိုင်အတွင်းဝင်လာသည်ကို လှမ်းတွေ့လိုက်၍့ လက်ပြနေသည်ကို မြင်လိုက်ရသဖြင့်
ထိုစားပွဲဝိုင်းရှိရာသို့ ဦးတည်သွားလိုက်ပြီး စားပွဲရှိကျွှန်တော့်အတွက်တင်ကြိုယူထားသော
ထိုင်ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။
“ရောက်နေတာကြာနေကြပြီလား...”
“မကြာသေးပါဘူး...ခုလေးတင်ပါပဲ...”
“မှာပြီးကြပြီလား...”
“မမှာရသေးဘူး...လူစုံမှမှာမယ်လို့စားပွဲထိုးလေးကိုပြောထားတယ်.....”
“ဘယ်သူကျန်သေးလဲ...”
“ဟိုကောင်..ကျော်ကျော်ရောက်မလာသေးဘူး...ခဏစောင့်ရင်း...မှာစရာရှိတာမှာထား
ကြရအောင်...”
“အေး..ကောင်းသားပဲ..ဟေ့ကောင်ဇော်လတ်..မင်းပဲကြည့်ကျက်ပြီး..အားလုံးနဲ့သင့်တာ
မှာကွာ....”
ဇော်လတ်မီနူးကတ်ကိုကြည့်ပြီး စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။
စားပွဲထိုးလေး အနားသို့ရောက်လာသည်နှင့် ဇော်လတ်မီနူးကတ်ကိုကြည့်ရင်း...
“ ..ဘဲကင်တစ်ခြမ်း..ဝက်နံရိုးကြော်တစ်ပွဲ..အစိမ်းကြော်တစ်ပွဲ..ကြက်တောင်ပံကြော်..ကြက်သွန်ကွင်း
ကြော်..ဝက်အူမကြီးသုတ်...seafood ယိုးဒယားဟင်းချိုတစ်ပွဲ..blackတစ်လုံး..ဆော်ဒါ..coca cola..
နဲ့ ရေခဲတစ်ပွဲ..လောလောဆယ် ဒါပဲအရင်မှာထားဦးမယ်..နောက်မှလိုတာထပ်မှာမယ်ညီလေး...”
“ဟုတ်ကဲ့..ကောင်းပါပြီ...”
စားပွဲထိုးလေး..အော်ဒါများရေးမှတ်ပြီးထွက်သွားသည်။
“ ဟေ့ကောင်မင်းကလည်း မှာတာတွေများလိုက်တာ..ပိုရင်မင်းအိမ်ကိုထုပ်သွားမလို့လား..”
“ကိုသိန်းအေးကလည်း...ဒီလိုပဲဖြည်းဖြည်းချင်း စားရင်းသောက်ရင်းဆွေးနွေးရင်း..ကုန်သွားမှာပါ...
ဟောဟိုမှာ..ကျော်ကျော်ရောက်လာပြီ...”
သို့နှင့် အောင်အောင်၊ကျော်ကျော်၊သက်နိုင်၊သန်းထိုက်၊ဇော်လတ်၊ကိုရဲ၊ကျွန်တော်တို့အားလုံးလူစုံသွား
သည်။ကျွန်တော်ကစတင်၍ စကားဝိုင်းကို အသက်သွင်းလိုက်သည်။
“ ကဲ...မင်းတို့အားလုံးလည်းပြင်ဆင်စရာရှိတာပြင်ဆင်ရင်းနဲ့ “စ”သတင်းကိုရနိုင်သမျှရသလောက်စုံစမ်း
..ပြီးရင်ငါတို့..နှစ်ပါတ်တစ်ကြိမ်လောက်..ဆုံပြီးဆွေးနွေးကြမယ်...ငါတို့လှုပ်ရှားမဲ့ကိစ္စအတွက်
လောလောဆယ်မင်းတို့ ဘာသတင်းတွေကြားထားကြလဲ..”
ဇော်လတ်က.....
“အခုလောလောဆယ်ကျွန်တော်သိရသလောက်..အဲ့ဒီသင်္ဘောပျက်တွေထားတဲ့နေရာကို..ဖျက်သိမ်းတော့မယ်
လို့ကြားရတယ်..ဘယ်နေရာလဲတော့ကျွန်တော်လဲမသိဘူး...”
“အေး..အဲဒါကိုတော့ငါလည်းကြားတယ်...ဒါနဲ့ သတင်းစာထဲမှာ...ဘယ်သူကြော်ငြာထည့်တာလဲ...”
“ ကျွန်တော်အဲ့ဒီသတင်းကြားကြားခြင်း...အချိန်မှီလှုပ်ရှားနှိုင်အောင်..ကျွန်တော်ကြော်ငြာ
ထည့်လိုက်တာ...”
ကိုရဲက...
စားပွဲထိုးလေးက..စားသောက်စရာများကိုစားပွဲပေါ်စီစဉ်နေရာချနေသဖြင့်..ကိုယ်ကိုယို့၍ရှောင်တိမ်းရင်း
စကားခေတ္တဖြတ်ထားလိုက်သည်။ထိုနောက် ကိုရဲက ဖန်ခွက်များထဲသို့အရက်ငှဲ့ထည့်ပေးကာ တစ်ခွက်စီကို
ရေခဲနှစ်တုံးစီထည့်ပြီး..တစ်ဦးချင်းစီသို့ကမ်းပေးလိုက်သည်။ကျွန်တော်လည်းဖန်ခွက်ထဲသို့ ဆော်ဒါရောထည့်
ပြီးဖန်ခွက်ကိုခလောက်နေလိုက်သည်။ကျန်သူများလည်း မိမိတို့စိတ်ကြိုက်ရောနှော၍ ဖန်ခွက်ကိုယ်စီမြှောက်
လိုက်ကြပြီး
“ လာ..အားလုံးပဲ..ချီးယားစ်...ကျန်းမာ..ပျော်ရွှင်..စော်ကြည်...ထီပေါက်..ရည်ရွယ်တာတွေ အကုန်ရောက်
စီးပွါးရေးတွေအားလုံးအဆင်ပြေပါစေ.....”
ဖန်ခွက်ကိုကိုင်မြှောက်ရင်းကျွန်တော်ကစတင်၍အားလုံးကို..ချီးယားစ် လုပ်လိုက်သည်။
“OK...Cheers...”“Cheers...”
အော်ရင်းအားလုံးတစ်ကြိုက်စီမော့လိုက်ကြသည်..ရင်ထဲသို့ခါးသီးပူလောင်စွာစီးဆင်းဝင်ရောက်သွားသည်..
ခံတွင်းထဲတွင် ခံစားနေရသော ခါးသီးသီးအရသာကိုပြေပျောက်စေရန်အလို့ငှာ ဘဲကင်တစ်ဖတ်ကို တူနှင့်
ညှပ်၍ကောက်ဝါးလိုက်သည်။သူတို့လည်းအသီးသီး အဆင်ပြေရာအမြည်းတစ်ခုစီကိုကောက်ဝါးနေကြသည်။
“အဲ့ဒီ..ဖမ်းဆီးရမိထားတဲ့ ငါးဖမ်းစက်လှေတွေ၊မှောင်ခိုစက်လှေတွေကို ..Pioneer North...(Gul...Road..)
ဆိပ်ကမ်းမှာစုပုံထားတယ်လို့သိရတယ်..အဲ့ဒီဆိပ်ကမ်းကိုမကြာခင်နောက် နှစ်လောက်မှာဖျက်
ဆီးတော့မယ်လို့ ငါ့အသိတစ်ယောက်ထံကသိရတယ်..သူက “စ”မှာအင်ဂျီနီယာ PR တစ်ယောက်ဖြစ်ပြီး
Ship Yard မှာလုပ်နေတယ်...”
ကိုသက်နိုင်က အရက်တစ်ငုံသောက်ရင်း ..
“ ဒီလိုဆိုရင်..ကျွန်တော်တို့ အခုကတည်းက စာအုပ်လျှောက်ထားပြီး...အသေးစိတ် အစီအစဉ်ဆွဲကြရအောင်
စာအုပ်ရတာနဲ့ စပြီးလှုပ်ရှားကြရမယ်...”
“ဒီအတိုင်းတစ်ယောက်တစ်ပေါက်..ပြောဆိုဆွေးနွေးနေတာထက်စာရင်တစ်ယောက်ယောက်ကို..ခေါင်းဆောင်
သဘောမျိုးထားပြီး..ဦးတည်ချက်တစ်ခုစီထားပြီး..ဆွေးနွေးကြရင်ကောင်းမယ်...”
“ဟုတ်တယ်..ကိုသန်းထိုက်ပြောတာမှန်တယ်..နို့မဟုတ်ရင်အကွက်မစေ့ပဲ..လွတ်ကွက်ဟာကွက်တွေရှိလာလိမ့်
မယ်..ပထမဆုံးဦးတည်ချက်က..ဘာကိုအရင်ဆုံးထားပြီးဆွေးနွေးကြရင်ကောင်းမလဲ...ဘယ်သူ့ကိုခေါင်းဆောင်
ရွေးမလဲ..ကဲ...အားလုံးက..ဘယ်သူ့ကိုခေါင်းဆောင်နေရာထားသင့်တယ်လို့ထင်သလဲ...”
ကိုရဲကဝင်၍ ထောက်ခံပြောဆိုရင်းအောင်အောင့်ကိုမေးငေါ့၍..........
“ကျွန်တော်ကတော့ ကိုသိန်းအေးကို ခေါင်းဆောင်နေရာမှာထားပြီး...ဆွေးနွေးကြရင်ကောင်းမယ်လို့ထင်တယ်
ဘာဖြစ်လို့ ကိုသိန်းအေးကိုခေါင်းဆောင်တင်ရသလဲဆိုရင်..ကျွန်တော့်အမြင်ကိုပြောရရင်...ကိုသိန်းအေးက
“စ”မှာနေတုန်းကတည်းက..နေရာတစ်ကာနှံ့နှံ့စပ်စပ်လည်းရှိတယ်...အပေါင်းအသင်းမိတ်ဆွေတွေအပေါ်မှာ
လည်း...အနစ်နာခံစေတနာထားတယ်...အလုပ်လုပ်တဲ့နေရာမှာလည်း..ထောင့်စေ့အောင်သေသေသပ်သပ်..
စနစ်တစ်ကျလုပ်တတ်တယ်...အားလုံးနဲ့လည်းသင့်တင့်အောင်ပေါင်းသင်းတတ်တယ်..ပြဿနာတစ်စုံတစ်ရာ
ရှိခဲ့ရင်လည်း..ပြေပြေလည်လည် ညှိနှိုင်းဆွေးနွေးတတ်တယ်..ဒါကြောင့်ကျွန်တော်ကတော့ ကိုသိန်းအေးကို
ခေါင်းဆောင်စေချင်တယ်...အောင်အောင်မင်းကရော ဘယ်လိုသဘောရလဲ ..အားလုံးရောဘယ်လိုမြင်သလဲ”
“ဟာ..ငါကတော့ခေါင်းဆောင်မလုပ်ချင်ပါဘူး...တော်ကြာတစ်ခုခုမှားယွင်းသွားရင်မကောင်းဘူး..နောက်ပြီး
ခေါင်းဆောင်လုပ်ရတာ..ဦးနှောက်စားတယ်..ငါတို့လုပ်ရမဲ့ကိစ္စကအရမ်းအရေးကြီးတယ်..အားလုံးရဲ့ဘဝတိုး
တက်မှုနဲ့လည်းဆိုင်တယ်..ငါတော့မလုပ်ချင်ဘူး..တစ်ခြားလူကိုစဉ်းစားကြပါဦး....”
ဇော်လတ်ကလည်းဝင်၍
“ဟုတ်ပါတယ်..ကိုသိန်းအေးပဲ..ဒီကိစ္စကိုခေါင်းဆောင်ပြီး စီစဉ်စေချင်တယ်...ကိုသိန်းအေး ရေးဆွဲစီစဉ်တဲ့
အတိုင်းကျွန်တော်တို့ လိုက်နာဆောင်ရွက်ကြမယ်...လိုအပ်ချက်တွေ့ရှိခဲ့ရင်လည်း..ကျွန်တော်တို့ဝိုင်းဝန်း
ညှိနှိုင်းဆွေးနွေး အဖြေရှာကြတာပေါ့...မကောင်းဘူးလား...”
“ကောင်းတယ်...ကောင်းတယ်..”
အားလုံးကဝိုင်း၍ ထောက်ခံလိုက်ကြသဖြင့် ကျွန်တော်ခေတ္တစဉ်းစားရင်း ငြိမ်နေလိုက်စဉ်မှာ.....
“ ကဲ...ကိုသိန်းအေးကို ခေါင်းဆောင်တင်တဲ့အနေနဲ့...တစ်ခွက်လောက်...ချီးယားစ် လုပ်လိုက်ကြရအောင်..”
ကျော်ကျော်က ပြောရင်းခွက်ကိုကိုင်မြှောက်လိုက်သဖြင့်..အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ခွက်ကိုယ်
စီကိုင်မြှောက်၍ ကျွန်တော့်ကိုပါ...ပါဝင်ဘို့ ခေါင်းဆောင်ဖို့ လောဆော် လိုက်ကြသဖြင့်.....
ကျွန်တော်လည်းမနေသာတော့ပဲ........
“ချီးယားစ်....ချီးယားစ်....ချီးယားစ်....”
လုပ်လိုက်ရတော့သည်........................။

Wednesday, November 3, 2010

စာမျက်နှာ နှစ်ဆယ့်ရှစ်

ရဲညွန့်က ကျွန်တော့်ထံဆေးလိပ်ဗူးလှမ်းပေးရင်း

“..ဟေ့ကောင်..သိန်းအေး...”

“ ဘာလဲ..”

“ အခုငါတို့သွားကြည့်တဲ့...ခြံဝိုင်းအခြေအနေ ဘယ်လိုလဲ...”

“ မဆိုးပါဘူး...ဈေးတော့နဲနဲများတယ်..ငါတို့ရှိတာနဲ့ မမှီနိုင်ဘူး

ထင်တယ်...အလျှော့အတင်းနည်းနည်းပါးပါးရှိပေမဲ့...ပြင်ဆင်ရမဲ့

စရိတ်တွေ...ပစ္စည်းဝယ်ရမှာတွေနဲ့ဆိုရင်...ငါတို့ ၃ ယောက်မှာရှိတဲ့

ငွေနဲ့ မလောက်လောက်ဘူး...”

ခြံလေးကမဆိုး အတန်အသင့်ကျယ်ဝန်းပြီး စားသောက်ဆိုင်ဖွင့်ရန်

သင့်တော်သည်။နေရာအနေအထားကလည်း ကောင်းသည်။ဒါကြောင့်လည်း

ခေါ်ဈေးမြင့်ခြင်းဖြစ်မည်။လက်ရှိအနေအထားအရ ကျွန်တော်တို့ ၃ ယောက်ထံ

ရှိသမျှ ငွေအင်အားနှင့် လိုက်မမှီနိုင်။ထို့ကြောင့် စိတ်လျှော့လိုက်ရသည်။

ကျွန်တော်က အောင်အောင့်ကို မေးငေါ့ရင်း

“ မင်းကကော...ဘယ်လိုသဘောရလဲ...”

“ ငါ့ဆန္ဒကတော့...ငွေမှီရင်လုပ်လိုက်ချင်တယ်...တို့ဆီမှာရှိတဲ့ငွေအင်အားနဲ့..

မလုံလောက်တော့လည်း..ဘယ်တတ်နိုင်မလဲကွာ..လက်လျှော့လိုက်ရုံပေါ့...”

ရဲညွန့်ကဝင်၍

“ ဟိုကောင်...ကချင်ကြီးကို..ရှယ်ယာခေါ်ရင်ကော....”

“ မင်းကလည်း...မြွေပွေးကို တုတ်နဲ့သွားထိုးချင်နေပြန်ပြီ...ငါတို့မင်းဆီလာရင်း

အဝေးပြေးကားပေါ်မှာတောင်..ဒီကောင့်အကြောင်းပြောဖြစ်ကြသေးတယ်...မင်း

မယုံရင် အောင်အောင့်ကို မေးကြည့်ပါလား...”

အောင်အောင်က ကျွန်တော့်ထံမှ ကြားသိရသမျှကို ရဲညွန့်အား ပြန်ပြောပြလိုက်

သည်။

“ ဟုတ်လို့လား...ဒီကောင်.. ဒီလောက်တောင်ပဲလား...”

ရဲညွန့်အံ့သြဟန်ဖြင့် ပြောသည်။

“ မင်းမယုံရင်..ဒီကောင်နဲ့ ထဲထဲဝင်ဝင် ပေါင်းကြည့်လိုက်လေ...ငါကိုယ်တိုင်ကြုံဖူး

လို့သိလိုက်ရတာ...”

“ ဟေ့ကောင်..ရဲညွန့်ရေ...ဒါအကင်းပဲရှိသေးတယ်...ဒီကောင်ငါ့ကိုပြောပြတာ မပြီး

သေးဘူး...ငါတောင်ဒီလိုကောင်မျိုးနဲ့ မပါတ်သက်ချင်တော့ဘူး...”

“ ဟိုတစ်လောက...ငါ့ဆီကိုတောင်ရောက်လာသေးတယ်ကွ...ဒါနဲ့ အခုဒီကောင်

ကချင်ကြီး..ဘာတွေလုပ်နေလဲ...”

“ ဟိုလူ့ဆီမြှောက်ပင့်ကပ်စား...ဒီလူ့ဆီဖောရှောဝင်ရော လုပ်နေမှာပေါ့...ဒီလိုကောင်

မျိုး အကျင့်စရိုက်ကိုက...စောက်ရှက်မရှိလုပ်ရပ်တွေနဲ့ လုံးလည်ချာလည်လိုက်နေမှာ

ပေါ့...”

အောင်အောင် ချဉ်တူးတူးဖြစ်ပြီး ဝင်ပြောသည်။ရဲညွန့်က ဆေးလိပ်ဖွာရင်း ကချင်ကြီး

အကြောင်း နောက်ကြောင်းပြန်စဉ်းစားနေပုံရသည်။

“ မင်းတို့ပြောတာ..ဟုတ်လောက်တယ်..ဒီကောင်သူ့ပိုက်ဆံဆိုရင် သိပ်သိတတ်တာ..

သူ့ဆီကခေတ္တခဏ ယူသုံးမိရင်..ငါးပြား...ဆယ်ပြားကအစ..စာရင်းမှတ်ပြီးပြန်တောင်း

တတ်တယ်...သူများဆီက သူယူသုံးထားတဲ့ ပိုက်ဆံများဆိုရင်...ပြန်တောင်းတာတောင်

ဟိုကွေ့ ဒီပါတ်လုပ်...ခြူသံပါအောင်ညည်းငြူပြီး..မပေးမဖြစ်အနေအထားရောက်မှ..ပြန်

ပေးတာ...”

ရဲညွန့် လည်းအထိခံထားရပုံပေါက်သည်။ရဲညွန့်ကစဉ်းစားရင်းထပ်ပြောသည်။

“ ဒီကောင်ဘယ်လောက်အဆင်ပြေပြေ...ညည်းတာပဲ...လက်ထဲမှာပိုက်ဆံရှိလဲ..ကျွေးရ

မွေးရမှာစိုးလို့...ခြူသံပါအောင်ညည်းငြူပြီး...သူများတစ်ကာကို...ဘီယာတိုက်ခိုင်း..

ဘီယာတိုက်ခိုင်းလို့မရရင်..အအေးတိုက်ခိုင်း...အအေးတိုက်ခိုင်းလို့မှမရရင်..နောက်ဆုံး

ဆေးလိပ်ရအောင် တောင်းသောက်တတ်တဲ့အကောင်...တော်...တော်...တော်...ဒီလို

ကောင်စားမျိုးနဲ့ မပါတ်သက်တာငြိမ်းချမ်းတယ်...”

“ဟား...ဟား...ဟား...ဒီကောင်ရဲညွန့် မပေါင်းအပ်တဲ့သူကို..ဝေးဝေးကရှောင်ရမှန်းသိ

သွားပြီ...”

ရဲညွန့်ကဆက်ပြီး

“ ဒီကောင့်..ညည်းချက်ကတော့ကမ်းကုန်ပဲ...သစ်ပင်ပေါ်က နားနေတဲ့ ခိုတောင်...ဒီ

ကောင့်ညည်းငြူသံကို...နားကလောပြီး..စောက်မြင်ကပ်လို့...ဒီကောင့်ခေါင်းပေါ်

တည့်တည့်...ချီးပါချပြီး...အခြားခပ်ဝေးဝေး အပင်တစ်ပင်မှာ သွားနားရတဲ့အဖြစ်မျိုး

ကြုံဖူးတယ်...”

“ ဟား...ဟား...ဟား...ခိုတော်တော်နားညည်းသွားပုံရတယ်...”

“ အင်း...ကြုံဖူးပေါင်ဂုဏ်ထူးဆောင်ပဲ...”

“ ယောက်ျားတစ်ယောက်ဖြစ်ပြီး..ဒီလိုမြည်တွန်တောက်တီး..ညည်းငြူတတ်တဲ့...ယောက်ျားမျိုး...

ဒီတစ်ခါပဲတွေ့ဖူးသေးတယ်...ချီးပေပဲ...”

“ ဒီကောင့်ဆီက..စားရသောက်ရဖို့များတော့...မမျှော်လင့်လေနဲ့...မတော်တဆ..ကံ

ကောင်းထောက်မလို့..တစ်ခါလောက် စားလိုက်သောက်လိုက်မိရင်လဲ..လူတစ်ကာကို

ပြောလို့မဆုံးတော့ဘူး...”

“ အခြားတစ်ယောက်ကို..ကြွေးလိုက်မွေးလိုက်ရတာကမှ...သဲထဲသေးပေါက်သလို..

အရာထင်ကျန်ရစ်သေးတယ်...ဒီကောင့်ကို ကြွေးလိုက်မွေးလိုက်မိရင်တော့..ရေထဲ

ကိုသေးပေါက်လိုက်သလိုပဲ...ဘယ်ပျောက်သွားမှန်းမသိဘူး....”

“ အရောင်တော့ကွဲပါတယ်ကွာ...”

အောင်အောင်က ဝင်ဖေါက်သည်။

“ ဟေ့ကောင်တွေ..မင်းတို့ဒီကောင့်အကြောင်းပဲ..ပြောနေကြတော့မှာလား...ငါတို့လုပ်

ငန်းကိစ္စဘယ်ရောက်သွားပြီလဲ...”

ရဲညွန့်နှင့်အောင်အောင်တို့နှစ်ယောက်သား သက်နိုင်(ကချင်ကြီး)အကြောင်း တစ်ယောက်

တစ်ပေါက်ပြောဆို၍ ပြီးဆုံးမည်မဟုတ်မှန်းသိသဖြင့် ကျွန်တော်ဝင်၍ စကားပြတ်အောင်

ဖြတ်လိုက်ရသည်။

“ ကဲပါကွာ...ဒီကောင်ချီးပေအကြောင်းတော့...လေကုန်ခံ အရေးလုပ်ပြီး ပြောမနေပါနဲ့

တော့ကွာ...ခေါင်းနောက်တယ်...”

ကျွန်တော် ကြားဝင်စကားဖြတ်လိုက်မှ နို့မဟုတ် ဒီကောင့်အကြောင်းက ဒီနေ့အဖို့ ပြီး

တော့မှာမဟုတ်။

ဤသို့နှယ် တောင်ကြီးတွင်ဆိုင်ဖွင့်ရန်ကိစ္စ အီလည်လည်နှင့် လုံးလည်ချာလည်လိုက်နေ

တော့သည်။

“ ဟေ့ကောင်တွေ ဘာမှ worry များမနေကြနဲ့ ..ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချ

ဖို့လိုမယ်...တော်ကြာ ဟိုမမှီ ဒီမမှီနဲ့ အားလုံးတိုးလို့တန်းလန်းဖြစ်ကုန်မယ်...”

ကျွန်တော့်စကားကြောင့် ရဲညွန့်နှင့်အောင်အောင်တို့ နှစ်ယောက်သား မတိုင်ပင်ပဲ

ပြိုင်တူသက်ပြင်းချလိုက်ကြသည်။

“ အေးလေ..မင်းပြောသလိုပဲ...ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချရတော့မှာပေါ့ကွာ..ကဲ ရဲညွန့်

မင်းလဲမင်းရဲ့လက်ရှိအလုပ်ကိုပဲ မှေးလုပ်နေပါဦး...တစ်ချိန်မှာတော့ ငါတို့သူငယ်ချင်း

၃ ယောက် အလုပ်အတူလုပ်ဖြစ်ကြမှာပါ...”

ရဲညွန့်လည်းစိတ်လျှော့လိုက်ပုံရသည်။

“ အေးပေါ့လေ..ဘယ်တတ်နိုင်မလဲ..ခုခေတ်ကလဲ ပိုက်ဆံလေး တစ်ပဲခြောက်ပြားနဲ့

လုပ်ငန်းလုပ်လို့ရတဲ့ ခေတ်မှမဟုတ်တာ...”

ကျွန်တော်တို့ နှစ်ယောက် တောင်ကြီးတွင် ၂ ပါတ်ခန့် နေထိုင်လည်ပါတ်ခဲ့ကြပြီး ရန်

ကုန်သို့ ပြန်ဆင်းလာခဲ့ကြတော့သည်။

Tuesday, October 19, 2010

စာမျက်နှာ နှစ်ဆယ့်ခုနစ်

“ သက်နိုင်ရဲ့စိတ်ဓါတ်ကတော်တော်ကိုယုတ်ညံ့တယ်...နေရာတစ်ကာသူ့ဖို့ပဲသိတယ်
အတ္တကြီးပြီး တစ်ကိုယ်ကောင်းအရမ်းဆန်တယ်...ငါနဲ့“ စ ” မှာနဲနဲပါးပါးခင်ပြီး သူနဲ့
တစ်နှစ်နီးပါးအတူနေဖူးတယ်...ငါ့ပိုက်ဆံတွေကို ငါမသိပဲနဲ့အလွဲသုံးစားလောင်းကစား
ပစ်တယ်...”
“ ဟင်...ဒီကောင်ဒီလောက်တောင်ပဲလား...”
“ဒါတင်ဘယ်ကမလဲ...အဲဒီတုန်းက...သူရယ်..ငါရယ်..မောင်မောင်ရယ်..၃ယောက်ရှယ်
ပြီးငါးရောင်းသေးတယ်...”
“ဟုတ်လား...ငါတောင်မသိပါလား...”
“ အဲဒီတုန်းက..မင်းနဲ့မတွေ့သေးဘူး...”
“ဆက်ပါဦး...”
“ အဲဒီအချိန်တုန်းက..ငါကအလုပ်ကောင်းပြီး ပိုက်ဆံရှိတော့ သက်နိုင်နဲ့မောင်မောင်တို့က
တစ်ယောက်ကို ၁၅၀၀ စီထည့်ရင် ငါက ၃၀၀၀ ထည့်မယ်..ဒါပေမဲ့ လုပ်ငန်းကိစ္စနဲ့ပါတ်သက်
လို့ သူတို့နှစ်ယောက်ကိုပဲ ဦးစီးခိုင်းတယ်...ပစ္စည်းရရှိရေးနဲ့ ဖြန့်ဖို့ကိစ္စကို မောင်မောင်က တာ
ဝန်ယူပြီး လက်လီရောင်းဖို့ သက်နိုင်က တာဝန်ယူ ပြီး လုပ်ငန်းကိစ္စနဲ့ပါတ်သက်လို့ ငါက အ
လုပ်တစ်ဖက်နဲ့မို့ နဲနဲပါးပါးပဲ ကူလုပ်ပေးနိုင်မယ်...ရတဲ့အမြတ်ကို အညီအမျှခွဲဝေယူမယ်လို့...
အားလုံး သဘောတူထားခဲ့ကြတာ...”
“နောက်တော့...”
“ တစ်ကယ်တန်း ပိုက်ဆံထုတ်တော့ ငါပဲအားလုံးစိုက်ရတာ...ဒီကောင်တွေကလေပဲစိုက်တာ..
ငါလဲသိပေမဲ့...မပြောပါဘူး...ငါကလုပ်ငန်းစပြီဆိုတာနဲ့..ဒီကောင်တွေကို ၃၀၀၀ တန်းထုတ်
ပေးတာ အမှန်တစ်ကယ် ပစ္စည်းပုံးလိုက်ဝယ်တာ ၁၀၀၀ ဘိုးတောင်မရှိဘူး...
မင်းစဉ်းစားကြည့်...”
“ ဒါဆိုဒီကောင်တွေက...မင်းပိုက်ဆံနဲ့လုပ်စားတာပေါ့...အမှန်တစ်ကယ်ဆို..မင်းကငွေစိုက်
ထုတ်တာဆိုတော့..မင်းအမြတ်များများရသင့်တာပေါ့...”
“ ဒီအတိုင်းပဲဖြစ်သင့်တာပေါ့...ဒါပေမဲ့လည်း..သြော်..သူတို့လဲမရှိလို့ပဲလေ ငါ့အနေနဲ့လိုအပ်
သမျှ ငွေစိုက်ထုတ်ထားလို့ ငါအမြတ်များများရပါစေရယ်လို့ စိတ်ကူးမရှိပါဘူး..အားလုံးအဆင်
ပြေရင်ပြီးရော...အပေါင်းအသင်းအချင်းချင်းပဲ...သူ့ရှိလဲကိုယ့်ပြန်ကြည့်...ကိုယ့်ရှိလဲသူ့ပြန်
ကြည့် သဘောမျိုးပါပဲ...ဒါပေမဲ့ ဒီကောင်တွေက ငါ့လိုစိတ်ဓါတ်မျိုး လုံးဝမရှိဘူး...အမြီးကျက်
အမြီးစား...ခေါင်းကျက် ခေါင်းစား ကောင်မျိုးတွေ....”
“မင်းက..ဒါနဲ့များ ဒီကောင်တွေနဲ့ သွားရှယ်ရသလား...”
“ငါလဲမသိလို့ပေါ့ကွာ...သိများသိလို့ကတော့...ဒီကောင်တွေကို အီးနဲ့တောင်လှည့်မပေါက်ဘူး...”
“ အေးကွာ...ယောက်ျားတစ်ယောက်ဖြစ်ပြီး...ဒီလောက်တောင်စိတ်ဓါတ်အောက်တန်း
ကျရသလား..”
“ သက်နိုင် ဆိုရင် စေးလိုက်တာမှ ပြောမနေနဲ့ ...ငါ့ဘဝမှာ တစ်ပြားကို နှစ်ပြားခွာတယ်ပဲကြား
ဖူးပါတယ် သက်နိုင်ကတော့ တစ်ပြားကို သုံးပြားခွာတယ်...တစ်ကယ်လက်လန်တယ်..”
“ အဲလောက်တောင်ပဲစေးရသလား...”
“ စေးတာကိုလက်ခံပါတယ်...စေးပိုးတာကိုလက်မခံတာ..ဆေးလိပ်ဆိုရင် ဘယ်တော့မှ ဝယ်မ
သောက်ဘူး...လူတစ်ကာဆီက လိုက်တောင်းသောက်တယ်...”
“ဟင်...စောက်ရှက်လဲမရှိဘူး...”
“ အရှက်.....ဒီကောင်ကြားတောင်မကြားဖူးဘူး...”
“ သိန်းအေးရာ....ကြံကြံဖန်ဖန်...မင်းမို့လို့ဒီကောင်မျိုးနဲ့ သွားဆုံဖြစ်တယ်...”
“ ဝဋ်ကြွေးလို့ပဲ..မှတ်ပါတယ်ကွာ...”
ပြောရင်း အရက်တစ်ငုံစီ ကောက်မော့လိုက်ကြပြီး အားလူးကြော်နှိုက်ဝါးရင်း ဘေးပါတ်ဝန်း
ကျင်ကို ကြည့်လိုက်ရာ ညအတော်မှောင်နေပေပြီ...နာရီကိုကြည့်လိုက်ရာ ညဉ့်တစ်ချက်ထိုး
“ ငါတို့ အိပ်ရင်ကောင်းမယ်...”
“ အေး...နောက်နေ့မှ ဆက်ကြတာပေါ့....”
သို့နှင့် ကျွန်တော်တို့နှစ်ယောက်သား ထိုင်ခုံနောက်မှီကိုမှီ၍ အိပ်လိုက်လာခဲ့ကြသည်။
တောင်ကြီးမြို့သို့ နောက်တစ်နေ့မှရောက်မည်ဖြစ်သည်။
တောင်ကြီးရောက်တော့ ကားဂိတ်တွင် ရဲညွန့် စောင့်နေသည်ကိုတွေ့ရသည်။
“ ဟေ့ကောင်ကြီး...စောင့်နေရတာကြာနေပြီလားကွ...”
“ နဲနဲတော့ကြာနေပြီကွ...ဂိတ်ကိုစုံစမ်းကြည့်တော့ မကြာခင်ရောက်မယ်ပြောလို့ ငါလည်း
စောင့်လက်စနဲ့မထူးဘူးဆိုပြီး ဆက်စောင့်နေတာ....ဘယ်လိုလဲ မင်းတို့ခရီးပမ်းလာကြပြီလား..”
“ အေးကွာ...တစ်ညလုံးကားစီးလာရတာ...ငြီးစီစီနဲ့...”
“ လာ...ဟေ့ကောင်တွေ..ငါ့သူငယ်ချင်းအိမ်မှာတည်းကြမယ်...မင်းတို့အထုတ်အပိုးတွေကော...”
“ ဘယ်...ငါတို့ကျောပိုးအိတ်နဲ့လာတာ...အဝတ်အစား ၂ စုံ ၃စုံလောက်ပဲထည့်လာတာ ရှုပ်လို့...”
“ ကောင်းရောကွာ..မင်းတို့ကတော့ ဂျစ်ပစီစတိုင်လ်ပဲ...”
“ ဟုတ်တယ်လေ..မင်းတစ်ယောက်လုံးရှိနေတာပဲ..ငါတို့ယူလာတဲ့အဝတ်အစားတွေနဲ့
မလောက်ရင် မင်းဟာတွေယူဝတ်မှာပေါ့..”
“အေးပါ...အေးပါ...ရပါတယ်...”
ကျွန်တော်တို့ နှစ်ယောက်သား ရဲညွန့်ခေါ်ရာနောက်သို့လိုက်ခဲ့ကြသည်။
“ ဟေ့ကောင်ရဲညွန့်..မင်းပြောတဲ့ခြံတစ်ခြံ ရောင်းဖို့ရှိတယ်ဆိုတာ ဘယ်နေရာမှာလဲ...”
“ ဟာ...အောင်အောင် မင်းကလည်း ခရီးရောက်မဆိုက် ..နေပါဦးကွာဖြေးဖြေးပေါ့...
ခဏနားပါဦး နောက်မှအေးအေးဆေးဆေး သွားကြည့်ကြတာပေါ့...”
“ အေးလေ..မင်းကလည်း ဟုတ်သားပဲ မလောပါနဲ့...”
ကျွန်တော်တို့ ၃ ယောက်သား စကားတစ်ပြောပြောဖြင့် လျှောက်လာကြရာ နှစ်ထပ်တိုက်ခံ
အိမ်ကလေးရှေ့သို့ရောက်လာကြသည်။ ရဲညွန့်က ဦးဆောင်၍အိမ်ခြံဝင်းအတွင်းသို့ ဝင်သွား
ရာ ကျွန်တော်တို့လည်း ရဲညွန့်နောက်မှဝင်လိုက်ခဲ့ကြသည်။
“ ဟေ့ကောင်...ငတိုး...”
“ ဟာ..ငရဲ...ရောက်လာကြပြီလား...ဧည့်သည်တွေကို...ဧည့်ခန်းထဲခေါ်ခဲ့လေ...”
ဧည့်ခန်းထဲရောက်သည်နှင့် အထုတ်အပိုးများထားကာ ထိုင်ခုံတွင်ထိုင်လိုက်သည်နှင့် ရဲညွန့်က
“ဟေ့ကောင်..သိန်းအေးနဲ့အောင်အောင် မင်းတို့ကို ငါ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးရဦးမယ်...”
ရဲညွန့် သူငယ်ချင်းက ဖော်ရွေစွာပင်
“ လာ..အစ်ကိုတို့ ထိုင်ကြပါဦး..အေးအေးဆေးဆေးနားလို့ရတယ်..လွတ်လွတ်လပ်လပ်
သာနေ ဘာမှအားနာစရာမလိုဘူး..”
“ ဟုတ်ကဲ့...ကျေးဇူးပါပဲ...”
“ ဟေ့ကောင်..ငတိုး သူက ကိုသိန်းအေး...သူက ကိုအောင်အောင်...”
“ သိန်းအေးနဲ့အောင်အောင်..မင်းတို့လည်း မှတ်ထားကြ သူ့နာမည်က တိုးနိုင် ငါ့ရဲ့အရင်း
နှီးဆုံးကျောင်းနေဖက်သူငယ်ချင်းပေါ့...ငါ့လိုပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံလို့ရတယ်...”
“ ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်...”
“ ဟုတ်ကဲ့..ကျွန်တော် ကိုသိန်းအေးနဲ့ကိုအောင်အောင် တို့အကြောင်းကို ဒီကောင်ငရဲ
ပြောပြောနေလို့ သိနှင့်ပြီးပါပြီ...တွေ့ရတာဝမ်းသာပါတယ်...”
“ ဟုတ်ကဲ့...ကျွန်တော်တို့လည်းတွေ့ရတာဝမ်းသာပါတယ်...”
အောင်အောင်က လက်ဆွဲနှုတ်ဆက်ရင်းပြောသည်။ကျွန်တော်ကလည်း လက်ဆွဲနှုတ်
ဆက်ရန် လက်ကမ်းရင်း
“ ကဲ..အောင်အောင် ငါတို့မိတ်ဆုံစားပွဲလေး ညနေကျရင် နွှဲလိုက်ကြရအောင်...”
“အေး...ကောင်းသားပဲ...ကိုတိုးနိုင်ကော သောက်တတ်တယ်မဟုတ်လား...”
ရဲညွန့်က ဝင်၍
“ ဟေ့ကောင်တွေ...ဒီကောင်ကိုသွားမတိုက်နဲ့...”
“ဘာဖြစ်လို့လဲ...မကြိုက်ဘူးလား...”
“ ဘယ်ကလာ..မင်းတို့တိုက်လို့ဆုံးမှာမဟုတ်ဘူး...ဒီကောင်ကသိပ်ကြိုက်တာ...”
“ဟား..ဟား..ဟား..အကြိုက်ချင်းတူရင်ရန်သူတဲ့နော် ကြားဖူးတယ်မဟုတ်လား...
ဒါပေမဲ့ ဒီအကြိုက်ချင်းတူလို့ကတော့ ရန်သူမဖြစ်ပဲ မိတ်ဆွေဖြစ်ကုန်ကြတာများတယ်...”
“ ဟုတ်တယ်နော်..ရိုးရိုးတန်းတန်း ခင်မင်တာနဲ့ သောက်ရင်းစားရင်း ကွဲရင်းပြဲရင်း ခင်ကြ
တာက ပိုပြီးနက်ရှိုင်းမှုရှိသလိုပဲနော်...”
“ ဟုတ်တယ်ဗျ..ကျွန်တော်လည်းသတိထားမိတယ်...”
ကိုတိုးနိုင်က ဝင်ပြောလိုက်သဖြင့် ရဲညွန့်က
“ ငတိုး ...မင်းကလည်း သောက်လို့ကောင်းအောင် ဖောနေပြန်ပြီ...”
“ဟေ့ကောင်...ငရဲ...”
“ ဘာလဲ..”
“ မင်းကငါ့ကို...ဧည့်သည်မိတ်ဆွေသစ်တွေရှေ့မှာ အရှက်ခွဲတာလား...”
ရဲညွန့်ပြုံးစိစိဖြင့် ငြိမ်နေသည်။
“ အေး...ညကျရင် မင်းအလှည့်...မင်းကိုဒီထက်အရှက်ကွဲအောင် ငါလုပ်ပြမယ်...”
“ ဟေ့ကောင်..ဟေ့ကောင်..မင်းနော် တောင်ကြီးမြို့ကကျဉ်းကျဉ်းလေးနော်...မင်းပေါက်
ကရလျှောက်မလုပ်နဲ့နော်...”
“ဟား....ဟား...ဟား...ကြောက်နေပြီလားကွ...ဟေ့ကောင်ငရဲ မင်းငါ့ကို မလှန်ရဲပါဘူးကွာ...”
“ ဘယ်လှန်ရဲမလဲ...မင်းပေါင်မှာဝဲတွေနဲ့...”
“ဟား...ဟား...ဟား...”
ကျွန်တော်တို့ ပြိုင်တူရယ်မိလိုက်ကြသည်။သို့နှင့်ပင်ကျွန်တော်တို့နှင့်အဖွဲ့ကျသွားတော့သည်။
ညနေပိုင်းရောက်တော့ ကျွန်တော်တို့အုပ်စု တောင်ကြီးမြို့ပေါ်ရှိ ချယ်ရီမြိုင် စားရိပ်မြုံ တွင်
ဆိုင်ဖွင့်ရန်ကိစ္စ အနည်းအကျဉ်းဆွေးနွေးရင်း “ စ ” တွင်နေထိုင်ကြစဉ် ရှေးဟောင်းနှောင်းဖြစ်

ပျော်ခဲ့ပါးခဲ့ အတူတစ်ကွနေထိုင်ရင်းနှီးခဲ့ကြသည်များကို စားမြုံ့ပြန်ရင်း မိတ်ဆုံစားပွဲလေးကို အကျဉ်းရုံးဆင်နွှဲခဲ့ကြသည်။

Thursday, October 14, 2010

စာမျက်နှာ နှစ်ဆယ့်ခြောက်

စာမျက်နှာ နှစ်ဆယ့်ခြောက်


“ ဟေ့ကောင်...သိန်းအေး...”
“ ဘာလဲ...”
“ငါတို့တောင်ကြီးကို ခေတ္တသွားလည်ပါတ်ကြရအောင်...”
“ မင်းကလည်း...ငါတို့မှမအားတာ..ဆိုင်ကိုဘယ်လိုလုပ်ထားခဲ့ရမှာလည်း...”
“ ဆိုင်ကို..မင်းအစ်ကိုကြီးကို ခေတ္တကြည့်ခိုင်းထားရင်ဖြစ်ပါတယ်...”
“ ဒါတော့..ဒါပေါ့...ငါ့မိသားစုကို မခွဲနိုင်ဘူး...”
“ မင်းကလည်း..သိပ်ကြာမှာမှမဟုတ်တာ...”
“ ဘယ်လောက်ကြာမှာလည်း...”
“ အလွန်ဆုံး တစ်လ...တစ်လခွဲပေါ့...”
“ ဟင်...အဲ့ဒီလောက်ကြာအောင် ဘာသွားလုပ်မှာလည်း...”
“ ဟိုမှာရဲညွန့် ရှိတယ်လေ...”
“ ငါသိပါတယ်...”
“ ငါတို့သွားတွေ့ကြရအောင်...မတွေ့တာလဲကြာပြီ နောက်ပြီးတောင်ကြီးက ဆင်ခြေဖုံး
တစ်နေရာမှာ ခြံတစ်ခြံ ရောင်းဖို့ရှိတယ်လို့ ရဲညွန့်က ပြောတယ်...အဲ့ဒီခြံလည်းကြည့်ရင်း
တို့လည်းအပန်းဖြေရင်းပေါ့ကွာ...”
“ ဘာလဲ..တောင်ကြီးမှာ နောက်ထပ် Restaurant ဖွင့်မလို့လား...”
“အခြေအနေကြည့်တာပေါ့ကွာ..အနေအထားလှရင် ဖွင့်သင့်ရင်ဖွင့်ကြရအောင်...”
“ မင်း... မလွယ်ဘူးထင်တယ်နော်...ရန်ကုန်နဲ့တောင်ကြီးပါတ်လည်ပြေးနေရမှာ...”
“ မင်းကလည်း ဆိုင်ဖွင့်ဖြစ်ရင်...မင်းကရန်ကုန်မှာထိုင်ရင်...ငါကတောင်ကြီးမှာထိုင်မှာပေါ့..”
“ ရဲညွန့်ကိုကော..ရှယ်ခိုင်းဦးမလား..”
“ သူစိတ်ဝင်စားရင်တော့...ရှယ်ပစေပေါ့...”
“ရဲညွန့်လည်း...စိတ်ဓါတ်ကောင်းပါတယ်...သူ့အခြေအနေကောဘယ်လိုလဲ...”
“ ဒီကောင်က...အောင်ပန်းမှာ...သစ်တော်ခြံနဲ့ လိမ္မော်ခြံရှိတယ်...သိပ်အကောင်းကြီးတော့
မဟုတ်ပါဘူး...”
“ ဟုတ်လား...”
“ ငါတို့..စားသောက်ဆိုင်အဆင်ပြေလို့...သူလည်းရှယ်ချင်တယ်ပြောတယ်...သူ့ခြံကိုရောင်းပြီး
ငါတို့တောင်ကြီးမှာ ဆိုင်ဖွင့်ဖြစ်ရင် သူလည်းပါမယ်ပြောတယ်...”
“ ဒါဆို..ကောင်းတာပေါ့...”
“ အဲ့ဒါ...ငါတို့တောင်ကြီးကိုသွားကြရအောင်...”
“ ဘယ်တော့လဲ...”
“နောက်လကုန်လောက်ပေါ့...”
သို့နှင့်ကျွန်တော်တို့နှစ်ယောက်သား စီစဉ်စရာရှိတာစီစဉ်လိုက်ကြပြီး နောက်တစ်လခန့်အကြာ
နှစ်ယောက်သားအဝေးပြေးကားဖြင့် ရန်ကုန်မှ တောင်ကြီးသို့ ထွက်ခွါလာခဲ့ကြသည်။
ကားစီးရင်း ပါတ်ဝန်းကျင်ကိုကြည့်ငေးရင်း အသင့်ယူဆောင်လာသော အရက်နှင့်စားစရာတို့ကို
စားသောက်ရင်း စကားတစ်ပြောပြောဖြင့် လိုက်ပါလာခဲ့ကြသည်။
“တောင်ကြီးမှာကျတော့ ပတ်ဝန်းကျင်ပါတ်လည်တစ်ခွင်လုံးက စိမ်းလန်းစိုပြည်ပြီး တောင်တန်း
တွေနဲ့ရှုခင်းတွေက နေရာတစ်ကာလှနေပြီးသားဆိုတော့ တစ်ကယ်လို့တောင်ကြီးမှာဆိုင်ဖွင့်ဖြစ်
ရင် ဆိုင်ကို ရန်ကုန်စတိုင်လ် နဲ့ဆန့်ကျင်ဖက် ပြင်ဆင်ရမယ်ကွ...”
“အေး..ဒါတော့ဟုတ်တယ်...သိန်းအေး...ရော့..မင်းတစ်ငုံချလိုက်...မင်းကဘယ်လိုစတိုင်လ်
လုပ်ချင်လဲ...”
အရက်ပုလင်းကို ပါးစပ်တွင်တေ့ပြီး တစ်ငုံမော့လိုက်ပြီး ရေကိုကဗျာကသီသောက် အာလူးကြော်
နှိုက်ဝါးပြီး
“ နေရာအနေအထားနဲ့ အခြေအနေကိုအရင်ကြည့်ဦးမယ်လေ...”
“အေးကွာ..ဟိုရောက်မှ..ငါတို့ဆွေးနွေးတိုင်ပင်ကြတာပေါ့...”
“ငါတို့..ငွေလိုက်နိုင်ပါ့မလား..တောင်ကြီးမှာ ခြံတွေက ဈေးမြောက်တယ်နော်...”
“ မင်းပြောသလိုပဲ..အခြေအနေကိုအရင်ကြည့်ကြတာပေါ့..တောင်ကြီးမှာ လက်ရှိဖွင့်နေတဲ့ တစ်ခြား
ဆိုင်တွေရဲ့ရောင်းအား...စားသုံးသူအနေအထား...ဆိုင်အဆင်အပြင်...အဲ့ဒါတွေကို အရင်လေ့လာ
ကြတာပေါ့...”ပြောရင်း အောင်အောင် ကျွန်တော့်ကို ရီဝေဝေကြည့်နေသည်
“ဒီလိုမှပေါ့ကွ...မင်းကအနေအထားကို အရင်မလေ့လာပဲနဲ့ ရမ်းလုပ်လို့မရဘူး...နောက်ပြီး နယ်ခံလူ
မဟုတ်တဲ့ငါတို့အတွက်က Chance နည်းတယ်...နယ်ခံလူ ရဲညွန့်ကိုပဲ အားကိုးရမှာပဲ...”
“ ဟိုရောက်မှ ငါတို့ ရဲညွန့်နဲ့ တိုင်ပင်ဆွေးနွေးကြတာပေါ့ကွာ...”
“ ငါလည်း ဒီကောင်နဲ့မတွေ့တာကြာပြီ...
“ ဒါနဲ့..သိန်းအေး..မင်းကိုစကားမစပ် ဖြတ်ပြောရဦးမယ်...“
ကျွန်တော်အရက်တစ်ငုံမော့နေရင်းမှ မေးငေါ့ပြီး
“ ဘာကိစ္စလဲ...”
“ ငါဟိုတစ်ခေါက် မန္တလေးကိုသွားတော့..သက်နိုင်နဲ့ တွေ့တဲ့ကိစ္စလေ...”
“အဲ့ဒါဘာဖြစ်လဲ...”
ကျွန်တော်နဲနဲရီဝေဝေဖြစ်လာပြီး အောင်အောင်လည်း နဲနဲမူးနေပုံရသည်။
“ သက်နိုင်က မင်းနဲ့ငါ အခုလက်ရှိ ဖွင့်နေတဲ့ဆိုင်မှာ သူလည်း ရှယ်ချင်လို့တဲ့...မင်းဘယ်လို
သဘောရလဲ...”
“မင်းကဘာပြန်ပြောလိုက်လဲ....”
“ ငါ...သိန်းအေးနဲ့တိုင်ပင်လိုက်ဦးမယ်လို့တော့ပြောလိုက်တယ်...”
“ မင်းကိုငါတစ်ခုပြောမယ်နော်...မင်းစိတ်မဆိုးနဲ့...”
“အေးပါ...မင်းနဲ့ငါက ဘယ်လိုနည်းနဲ့မှ စိတ်ဆိုးစရာအကြောင်းမရှိဘူး...ပြောမှာသာပြော...”
“ အခုလက်ရှိဖွင့်ထားတဲ့...ငါတို့ဆိုင်ဟာ ဆိုင်အတွက်ပြင်ဆင်စရာတွေ...ဆိုင်ကိုဒီထက်တိုးချဲ့ဖို့
လိုအပ်သလား...မလိုအပ်ဘူးလား...”
အောင်အောင်စဉ်းစားရင်း
“ မလိုအပ်ပါဘူး...ဒီအတိုင်းပြည့်စုံလုံလောက်နေတာပဲ...”
“ဒါဆို...သက်နိုင် ကရှယ်ချင်တယ်ဆို သူ့ပိုက်ဆံတွေ ဘယ်သွားသုံးရမှာလည်း မင်းစဉ်းစားလေ...”
“အင်း........အဲဒါတော့ဟုတ်တယ်...”
“ နောက်ပြီး...မင်းကို ငါတစ်ခုသတိပေးစရာရှိတယ်...”
“ဘာများလဲ...”
“ငါ့အနေနဲ့ကတော့..သက်နိုင်နဲ့ လုံးဝမပါတ်သက်ချင်ဘူး...”
“ ဘာဖြစ်လို့လဲ...”
“ တစ်ကယ်လို့များ..မင်းနဲ့သက်နိုင် ရှယ်ပြီးလုပ်ငန်းစပ်တူလုပ်မယ်ဆိုရင်...မင်းသဘောပဲ..ငါတော့
မင်းတို့နဲ့ မပါတ်သက်ချင်ဘူး...”
“ ဘာဖြစ်လို့လဲ...ငါ့ကိုလည်း နည်းနည်းပါးပါး ရှင်းပြဦးလေ...ငါ့ထက်စာရင် မင်းနဲ့သူနဲ့ကပိုပြီးပါတ်
သက်မှုရှိတယ်မဟုတ်လား...”
“ ငါက..မင်းရဲ့စိတ်ဓါတ်ကိုသိလို့...မင်းကိုသူနဲ့မပါတ်သက်စေချင်တာပါ...
" မင်းနဲ့ငါက အလုပ်တွဲလုပ်လာတာကြာပြီမဟုတ်လား..”
“အဲဒါကြောင့်...မင်းကိုငါက မထိခိုက်မနစ်နာစေချင်လို့ပြောနေရတာ...”
“ကဲ...ဒါဆိုရင်လဲ..ရှင်းရှင်းလင်းလင်းပြောကွာ....
အဝေးပြေး မှန်လုံကားကြီးသည် ခရီးသည်များကိုတင်ဆောင်၍ ရန်ကုန်မှတောင်ကြီးသို့
မနားတမ်း တောက်လျှောက် ပုံမှန်မောင်းနှင်နေသည်။လမ်းဘေးပါတ်ဝန်းကျင်တစ်ခွင်လုံး
မှာလည်း ညအမှောင်ထုကကြီးစိုးလျှက် လောကတစ်ခွင်လုံးအေးချမ်းတိတ်ဆိတ်လို့နေသည်။
ကျွန်တော်နှင့်အောင်အောင်သည် ရန်ကုန်မှယူလာသော အရက်တစ်လုံးနှင့်စားစရာများကို
စားသောက်ရင်း လိုက်ပါလာခဲ့ကြသည်။