Thursday, September 16, 2010

ကော်ပီ ၁၂

စာမျက်နှာ တစ်ဆယ့်နှစ်

စက်ရုံမှပေးသော လုံးချင်း ၃ ခန်းတွဲအိမ်ကလေးတွင် နေကြရသည်။စက်ရုံနှင့်နေအိမ်သည်
အတော်လှမ်းသဖြင့် ညဖက်အလုပ်ပြီး၍ လမ်းလျှောက်ပြန်ရာ ရဲ ကြောက်ရသောကြောင့်
ရင်တထိတ်ထိတ်ဖြင့် မျက်စိလျှင်လျှင်ထား၍ ခပ်သုတ်သုတ်ပြန်ကြရသည်။အိမ်ရောက်တော့
မောဟိုက်နေပြီ...၊မလေးရှား ရဲများသည် ပါးရည်နပ်ရည်ရှိသည်။ဆိုင်ကယ်ဖြင့် ပတ္တရောင်
လှည့်သည့်အခါ နေကာမျက်မှန်အမဲ တပ်ထားပြီး ယူနီဖောင်းကိုစမတ်ကျကျ ဝတ်ဆင်ထား
သောကြောင့် မြင်လိုက်သည်နှင့် အလိုလို ကြောက်ဒူးတွေ တုန်နေတော့သည်။အယောင်
ယောင် အမှားမှား မူပျက်နေတတ်သည်။ထိုအခါ ရဲက ဆိုင်ကယ်ကို အရှိန်လျှော့၍ အနား
ရောက်သည်နှင့် မလေးလို “ နေကောင်းလား....ဘယ်သွားမလို့လဲ.....ဘာလုပ်နေတာလဲ...
ဘာလား...ညာလား....”စသဖြင့် နှုတ်ဆက်သလို မေးသလို ပြောရာ အပြောခံရသူသည်
ကြောက်ကြောက် လန့်လန့်ဖြင့် တတ်သလောက် မှတ်သလောက် အထစ်အထစ် အငေါ့
ငေါ့ ပြန်ဖြေရာ မလေးရဲက စကားပြောပုံ လေယူလေသိမ်း မပီသသောကြောင့် ဓါတ်ပေါက်
သွားပြီး ဆိုင်ကယ်ပေါ် ဆွဲတင်သွားတော့သည်။လူပြတ်သောနေရာရောက်မှ ရဲက.......
..“ မင်းဒီကိုရောက်တာ...ဘယ်လောက်ကြာပြီလဲ...လုပ်ခတစ်နေ့ဘယ်လောက်ရလဲ..”
ဘာညာစသဖြင့် အစ်အောက်မေးတော့သည်...။ကျွန်တော်တို့ကလည်း ဘယ်လောက်ကြာ
ပြီဖြစ်ကြောင်း အခုလောလောဆယ် သူဌေးက လုပ်ခလစာများ မပေးပဲနေသောကြောင့်
စားစရာမရှိ နေစရာမရှိပဲ ဒုက္ခရောက်နေကြောင်း အမေအိုကြီးကိုလုပ်ကျွေးနေပြီး ငွေမပို့
နိုင်သောကြာင့် အမေ့အတွက် စိတ်ပူကြောင်း ဘာညာပြောပြီး ပိုက်ဆံအိတ်ထဲ ရှိသမျှပိုက်
ဆံဖြင့် လာဘ်ထိုး၍လွတ်အောင် တတွတ်တွတ်လိမ်ညာလှည့်ပါတ် ငိုပြရသည်။မလေးရဲများ
ကလည်း သဘောကောင်းကြပါသည် သနားသွားပြီး မဖမ်းပဲ သူ့အတွက် နှစ်ဆယ် သုံးဆယ်
လောက်ရသည်နှင့် နှုတ်ဆက်ပြီး နောင်ကိုသတိထား ဘာညာပြောပြီးပြန်သွားသည်.....
..“ ဟူး.....တော်ပါသေးရဲ့......”
ရွှေ တွေကလည်းလည်သည် ပိုက်ဆံအိတ်ထဲတွင် ဘယ်တော့မှ ပိုက်ဆံများများထည့်၍
အပြင်မသွားရဲ အိတ်ထဲတွင် ပိုက်ဆံရှိလျှင်ရှိသလောက် ရဲများက ယူသွားတတ်သည်..။တစ်ချို့
၁၀ လောက်နှင့်အဆင်ပြေသွားသူများလည်းရှိသည်။ငိုတတ်လျှင်ငိုတတ်သလို ညှိနှိုင်းအဆင်
ပြေသည်။ကျွန်တော်ကတော့ ကံကောင်းသည်ဟုပြောရမည် မလေးရှားတွင်နေစဉ် တစ်ခါမှ
ရဲအဖမ်းမခံရဘူးပေ...။မလေးလူမျိုးများသည် မုတ်ဆိတ်မွှေးရိတ်၍ နှုတ်ခမ်းမွှေးထားတတ်ကြ
သည်။ ကျွန်တော်လည်း သူတို့လိုလိုက်လုပ်သည်။ ထိုကြောင့် ကျွန်တော့် ပုံစံအနေအထား
သည် ရုတ်တရက်လှမ်းကြည့်ပါက မလေးလိုလို ၊ထိုင်းလိုလို အင်ဒိုနီးရှားလိုလို..ပုံစံပေါက်နေ
သည်...။စက်ရုံတွင် လုပ်လာသည်မှာ ၃ လခန့်ရှိပြီဖြစ်သော်လည်း တွက်ချက်ကြည့်တော့ သိပ်
မကိုက်ပြန်...အိမ်ပြန်ရာတွင် ရဲအန္တရာယ်စိုးရိမ်ရသဖြင့် ကြည်စိုးကို ထပ်ပူရပြန်သည်။
..“ ကြည်စိုး...ဒီစက်ရုံမှာလုပ်ရတာလည်း...သိပ်မကိုက်ဘူးကွာ...နောက်ပြီးအိမ်နဲ့စက်ရုံက
ဝေးတော့ နေ့တိုင်းရင်တထိတ်ထိတ်နဲ့ ရဲကကြောက်ရသေးတယ်..ငါ့ကို..နောက်အလုပ်တစ်ခု
ထပ်ရာပေးဦး....”
ဟု နားပူနားဆာ လုပ်ရပြန်သည်...။
..“ ဒါဆို...မင်းစားသောက်ဆိုင်မှာ...လုပ်မလား...ခေါက်ဆွဲကြော်ဆိုင်မှာ.....”
..“ အေးကွာ...လုပ်မယ်.....”
..“ နေဦး....ငါ့သူငယ်ချင်းကိုမေးကြည့်ဦးမယ်...အဆင်ပြေရင်...ငါလာခေါ်မယ်...”
..“ အေး..အေး..ကျေးဇူးပဲကွာ...မင်းရှိပေလို့ပဲ.....”
ဒီကောင်လည်း ကျွန်တော့်ကို တော်တော်ကူညီရှာပါတယ်...။အလုပ်ကိုစိတ်ကြိုက်မတွေ့
သ၍ သူ့မိတ်ဆွေ သူငယ်ချင်းများထံ မေးပေး ပြောပေးရှာပါတယ်....။
ဒီကောင်က မလေးမှာရောက်နေတာ ၃ နှစ်ကျော်ကြာနေပြီ..
အလုပ်လည်းကောင်းသည်..နေရာတကာ နှံ့နှံ့စပ်စပ်လည်းရှိ အပေါင်းအသင်း
လည်းများသည်..ဒီလောက်မှအားမကိုးရရင် သောက်ခွက်ရိုက်ပစ်လိုက်မယ်....။
မကြာမီကျွန်တော် စားသောက်ဆိုင်သို့ပြောင်းရွှေ့လုပ်ကိုင်ဖြစ်ခဲ့တော့သည်..........။
..“ အချားမဲအဆိုင်...ဖွတ်ကင်ချောင်း...ကွန်ဖူးချောင်း...ယိညှောင့်...ယိမင်...
ကွန်ဖူးယိမင်...ဝါသမ်းဟော...”
( ဘာစားမလဲဆရာ...ခေါက်ဆွဲအမဲကြော်...ကော်ရည်ခေါက်ဆွဲ..ညှပ်..ကြာဇံအရော.....)
ဆိုင်ရှေ့သို့ရောက်လာသော Customer အားကျွန်တော်မေးလိုက်သည်။
..“ အဲ...ဖွတ်ကင်မီ....” ( ခေါက်ဆွဲအမဲကြော် )
..“ သိုင်မီ...စိမ်မီ....”( ခေါက်ဆွဲ..အလုံးသေး...အလုံးကြီး...)
..“ သိုင်မီ...” ( အလုံးကြီး..)
..“သားပေါက်...စိတ်....” ( ထုပ်မှာလား..စားမှာလား..)
..“ အိသုံစိတ်...” ( ဒီမှာစားမှာ...)
..“ ဂဲကောယံစိတ်ကဲ...” ( ဘယ်နှစ်ယောက်စားမှာလဲ..)
..“ အပ်ကော်ယံစိတ်...( အိကော်ယံစိတ် )...” ( တစ်ယောက်..)
..“ ချွာပိသုံ...” ( ဘယ်နေရာမှာထိုင်မှာလဲ..)
..“ ချွာ...ကိုးလုံ...” ( ဟိုနား..လက်ညှိုးထိုးပြ၍..)
မေးပြီးသည်နှင့် ဆိုင်ရှင်သူဌေး ကြော်ချက်ရန် ခေါက်ဆွဲအလုံးကြီးနှင့်ခေါက်ဆွဲကြော်ထဲ
ထည့်ကြော်ရန် အစာများ ပြင်ဆင်ပေးရသည်။ ခေါက်ဆွဲကြော် ရသည်နှင့် စားသုံးသူထံ
သွားရောက်ပို့ပေးချပေးရသည်။
..“ ဂယောက်လွေ့...” Customer မှဘယ်လောက်ကျလဲဟုမေး၍
..“ စားခေါ...” သုံးကျပ်ဖြစ်သည်...။ပိုက်ဆံရသည်နှင့် ဆိုင်ရှင်သူဌေးကို ပေးရသည်။အမ်းစရာ
ရှိလျှင် နောက်တစ်ခေါက်သွားပြန်အမ်းရသည်။ကျွန်တော့်ဆိုင်တွင်ရှိသော ပစ္စည်းများနှင့်
ရောင်းသောပစ္စည်းအမည်များကို ကျွန်တော်တရုတ်လို ကောင်းကောင်းပြောတတ်သည်။
တစ်ချို့ Customer များက ကျွန်တော့်ကို တရုတ်ထင်၍ တရုတ်လိုအလာပ သလာပ
ပြောသည့်အခါ ကျွန်တော် စပ်ဖြဲဖြဲလုပ်၍ အု...အ...ဖြင့် အ နေတော့သည်။
ထိုအခါမှ ကျွန်တော့်ကို နိုင်ငံခြားသားမှန်း သိကြတော့သည်....။
နေ့လည် ၂ နာရီမှစ၍ ဆိုင်စတင်ဖွင့်နိုင်ရန် မနားတမ်းကြိုတင်ပြင်ဆင်ရသည်။
ဆိုင်ရောက်သည်နှင့် အရင်ဆုံး ရေခဲသေတ္တာထဲမှ ရေခဲနေသော အသားငါးများကို
ထုတ်၍ ရေစိမ်ထားရသည်။ပြီးလျှင် ပေါက်ချွိုင် ( ဂေါ်ဖီ ) ကို ၁ လက္မခွဲပါတ်လည်
အရွယ်ခန့်လှီးပြီး မုန်ညှင်းစိမ်းကိုလည်း ၁ လက္မခွဲ အရွယ်ကန့်လန့်ဖြတ်လှီး၍
ရေစိမ်ထားရသည်။ ခေါက်ဆွဲအလုံးကြီးကိုလည်း ရေတွင် ခေတ္တစိမ်ပြီး
ဆယ်ယူရေစစ်ထားရသည်။ ယိမင် ( စာကလေးခွေကဲ့သို့ ) ကို ရေဖျန်း၍ပျော့
အောင်လုပ်ရသည်။ထိုနောက် ငရုတ်သီး အနီတောင့်ကြီး၊နှင့် ငရုတ်သီးစိမ်းကို
ပါးပါးလှီးပြီး ငံပြာရည်ခွက်ထဲ ထည့်ရသည်။အရိုးပြုတ်ရည် တည်ရသည်။ပန်းကန်များ
ထုတ်၍ စီရသည် ငါးဖယ်လှီး၊ဝက်သားလှီးပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ပဲငံပြာရည်
တို့ကို သူ့နေရာနှင့်သူ ထားရသည်။ရေစိမ်ထားသော ဂေါ်ဖီနှင့်မုန်ညှင်းစိမ်းများကို
ဇကာတွင် ဆယ်ယူရေစစ်ပြီး အသင့်ပြင်ထားရသည်။ ညနေ ၅ နာရီ လောက်တွင်
အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ နားနိုင်တော့သည်။တစ်အောင့်ကြာတော့
ဆိုင်ရှင်ရောက်လာတော့သည်။များမကြာမီ စားမည့် သူများ တစ်ဖွဲဖွဲ
ရောက်လာကြတော့သည်။ထိုအချိန်မှစ၍မအားလပ်အောင် အလုပ်များ တော့သည်။
ထမင်းတောင်ကောင်းကောင်းမစားရ။ည ၁၁ နာရီ လောက်အထိ လက်မလည်အောင်
ရောင်းရသည်။ ၁၁ နာရီ နှောင်းပိုင်းတွင် လူပါးသွားသည်။သို့သော် မနားနိုင်သေးပါ...။
ပန်းကန်များ လိုက်လံသိမ်းဆည်းရသည်။ပန်းကန် ခွက်ယောက်များ တူများ ဇွန်းများ
ဆေးကြောနေစဉ် ဟမီ ဆိုင်မှ မျိုးဆွေ ရောက်လာပြီး....
..“ သိန်းအေး....ဟို..ချင်းတွေ့လား......”
..“ အာ...ခြင်းတော့မတွေ့ဘူး....အမှိုက်ပုံးတော့တွေ့တယ်.....”
..“ ဟာ...ဒီကောင်ကလည်း....နောက်တော့မယ်...ဟို..ချင်းလူမျိုးကိုပြောတာ....”
..“ အိမ်သာသွားတယ်....”
ကျွန်တော်တို့ဆိုင်တွင် ချင်းလူမျိုး စားပွဲထိုးများ ၈ ယောက်ခန့်ရှိသည်။ သူတို့က
ဆိုင်ကြီး၏ အလုပ်သမားများဖြစ်ပြီး ကျွန်တော်တို့က ဆိုင်ကြီးတွင် လခပေး၍
ဖွင့်သော “Food Stall” မှ အလုပ်သမားများ ဖြစ်ကြသည်။သူဌေးမတူကြ။
ကျွန်တော့်သူဌေးသည် 2020 Restaurant တွင် Stall တစ်ခုငှား၍ ဖွင့်ခြင်းဖြစ်သည်။
ဆိုင်ကြီးသည် အဖျော်ရည်၊သံဗူးအဖျော်ရည်၊ဘီယာ၊ဆေးလိပ် စသည်များသာရောင်းသည်
အစားအစာများမရောင်း အစားအစာများကို Food Stall များကလခပေး၍ ရောင်းကြသည်။
“ ဟမီ ”“ ဝမ်ထမ်းမီ” “ ချောင်းကွေသယောင်း” “ ကိုက်ဖန့်” “ ကွန်ဖူးချောင်း၊ဖွတ်ကင်ချောင်း”
“ စယူးယွီ”“ချောင်းဖန့်” “ ယွီထောင်မှိုင်း” “ အစမ်းမ်လတ်ဆား ” “ လော်ပတ်ကော ”
“ ဆာတေး” စသဖြင့် အမည်စုံ လှသည်။အများစုမှာ တရုတ်အစားအစာများ ဖြစ်ကြသည်။
မလေးရှား မှ လူအတော်များများသည် အိမ်တွင်ချက်ပြုတ်စားသောက်ခြင်းမရှိ
စားသောက်ဆိုင်များတွင်သာ စားသောက်လေ့ရှိကြသည်။ထို့ကြောင့်မလေးရှားနိုင်ငံ
တစ်ဝှမ်းလုံးတွင် စားသောက်ဆိုင်များ လက်ညှိုးထိုးမလွဲ တွေ့ရသည်။ မလေးရှားနိုင်ငံ
ဟု ဆိုသော်လည်း မလေးလူမျိုးများကို သိပ်မတွေ့ရပဲ တရုတ်လူမျိုးများကိုသာ နေရာတကာ
မြင်တွေ့နေရသည်။ အလုပ်သမားအများစုသည်လည်း တရုတ်စားသောက်ဆိုင် များ
တရုတ်ပိုင်စက်ရုံများ အလုပ်ရုံများ ကားဝပ်ရှော့များ မုန့်ဆိုင်များ ကုန်စုံဆိုင်များ ဆေးဆိုးပန်း
ရိုက်လုပ်ငန်းများ တွင်သာ လုပ်ကိုင်ကြရသည်။မလေးလူမျိုးများ၏ လက်အောက်တွင်
လုပ်ကိုင်သူ သိပ်မတွေ့ရပဲ ရှားပါးလှသည်။ မလေးလူမျိုးများသည် စကားပြော ယဉ်ကျေး
သိမ်မွေ့၍ မြန်မာစရိုက်နှင့်ခပ်ဆင်ဆင်တူသည်။မလေးတရုတ်များလည်း တစ်ချို့ သဘောကောင်းကြပါသည်။ညီအစ်ကိုစိတ်ဓါတ်ရှိသည်။စီးပွါးရေးအမြင်ရှိပြီး
ရိုးသားကြိုးစားကြသည်။လူမျိုးတစ်ကာထဲတွင် မြန်မာတွေက တော်တော်ပါးရည်နပ်ရည်
ရှိသည်။မြန်မာတွေ လှိမ့်သမျှ ပါတ်သမျှ သူတို့ခမျာခံကြရရှာသည်။..............။

No comments:

Post a Comment