Thursday, September 16, 2010

ကော်ပီ ၇

စာမျက်နှာ ခုနစ်

ကမ်းနဖူးသို့ထိုးတင်ထားသော လှေဦးမှတစ်ဆင့်လှေဝမ်းထဲသို့ ကျွန်တော်
ခုန်ဆင်းလိုက်သည်......။
အားလုံးလှေပေါ်ကိုရောက်နေကြသော်လည်း သားငယ်နှင့်ကျွန်တော်စကား
အခြေအတင်ပြောနေသဖြင့် လှေပေါ်သို့ကျွန်တော်တို့၂ယောက်နောက်ဆုံးမှ
တက်ဖြစ်ကြသည်..။လှေပေါ်သို့ရောက်သည်နှင့်စက်နှိုး၍ကမ်းမှစတင်ထွက်ခွါ
လာသည်။လှေပေါ်ရောက်ရောက်ခြင်း
..“ စာအုပ်တွေဘယ်မှာလည်း...အားလုံးစာအုပ်တွေရကြပြီလား...”
ဟု ကျွန်တော်အော်မေးလိုက်ရာ.......အားလုံးက
..“ မရသေးဘူး...” ဟု ပြန်ဖြေကြသည်။ထို့နောက်ကျွန်တော်လမ်းပြများထံမှ
စာအုပ်များကိုတောင်းရာသူတို့ကစာအုပ်များကို အထုပ်လိုက်ပြန်ပေးသည်။
ကျွန်တော့်လက်ထဲရောက်လာသောစာအုပ်ထုပ်ကိုကိုင်၍...လက်နှိပ်ဓါတ်မီး
ဖြင့်ထိုးကာ........
..“ ကဲ....အားလုံးသေချာနားထောင်....နာမည်ခေါ်ပြီးစာအုပ်ပြန်ပေးမယ်..”
အိတ်ထဲမှစာအုပ်တစ်အုပ်ကိုဆွဲထုတ်၍ ဓါတ်ပုံကပ်ထားသောစာမျက်နှာကို
လှန်လိုက်ပြီး........
..“ ကို...................”
..“ ဒီမှာ...ဒီမှာ..”
..“ မောင်........”
..“ ကျွန်တော့်စာအုပ်........”
..“ ကို............”
..“ အစ်ကို့ စာအုပ်......”
..“ မ................”
..“ ကျွန်မစာအုပ်.......” စသဖြင့်ကျွန်တော်ပြန်ဝေပေးလိုက်သည်..။
..“ ကဲ..အားလုံးကိုယ့်စာအုပ်ကိုယ်ရကြပြီနော်...မရသေးတဲ့လူရှိသေးလား....”
..“ ရပြီ...ရပြီ...အားလုံးရကြပြီ.....”
သို့နှင့်ပင်ကျွန်တော်တို့အုပ်စု စက်တပ်လှေဖြင့် မလေးရှားသို့ဦးတည်လိုက်ပါလာ
ခဲ့ကြသည်......။ကျွန်တော်တို့ဖြတ်သန်းလာသောမြစ်(သို့မဟုတ်)ချောင်းမှာ
ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို ပိုင်းခြားထားခြင်းဖြစ်မည်။စက်လှေသည်နာရီဝက်
ခန့်မောင်းနှင်ပြီး မလေးရှားကမ်းစပ်သို့ လှေဦးကိုထိုးတင်၍ဆိုက်ကပ်လိုက်သည်။
လမ်းပြများကဦးဆောင်၍ ကမ်းနဖူးပေါ်သို့တစ်ဖြုတ်ဖြုတ်ခုန်ဆင်းကြသည်။ ကမ်းပေါ်သို့
ရောက်သည်နှင့်လမ်းပြများသည် ရှေ့မှ ၂ ယောက် နောက်ဆုံးမှ ၂ ယောက်
လူတန်းကြီး၏အလယ်တွင် ၂ ယောက်စီညှပ်၍လက်နှိပ်ဓါတ်မီးများ..ဒါးများကိုင်ဆောင်၍
ကျွန်တော်တို့ ၁၆ ယောက်ကိုမလေးရှားနိုင်ငံအတွင်းသို့ စတင်ဦးဆောင်ခရီးနှင်ခဲ့ကြသည်။
ကျွန်တော်တို့စတင်ဖြတ်သန်းသောနေရာမှာ...ရာဘာခြံများဖြစ်သည်။ထို့ကြောင့် လူသွား
တောလမ်းကလေးအတိုင်း လျှောက်လာကြရာ..ဗွက်မရှိ..ခလုတ်ကန်သင်းမရှိ..
မြက်ပင်များပင်မရှိပဲ အေးအေးဆေးဆေး မြေနီလမ်းကလေးမှာ လမ်းလျှောက်ရသကဲ့သို့
ဖြစ်သောကြောင့် အားလုံး၏ရင်ထဲတွင် သောကများ စိုးရိမ်စိတ်များအတန်ငယ်လျှော့ပါး
သွားခဲ့ကြသည်...........။
..“ မဆိုးဘူးကွ.....ဒီလမ်းအတိုင်းသာလျှောက်ရလို့ကတော့ အေးဆေးပဲ.....”
..“ အေးလေ......ဒါလေးများ....အပျော့ပေါ့.......”
မလေးသွားမည့်သူများ တစ်ယောက်တစ်မျိုး ထင်ကြေးပေးပြောဆိုနေကြသည်။
ကျွန်တော်ကတော့ KL မရောက်မခြင်းစိတ်မအေးနိုင်သေး....။
..“ ခင်ဗျားတို့ကလည်း...စောင့်ကြည့်ပါဦး.. ဒါအစပဲရှိသေးတယ်...
ဘယ်လောက်ကြာကြာလျှောက်ရမယ်မှန်း မသိသေးဘူး...”
နောက်မှလူများကိုလှည့်ပြောရင်း ဆက်လျှောက်နေတော့သည်....။
သားငယ်ကကျွန်တော့်ရှေ့မှနှုတ်ဆိတ်လျှက်............။
ရာဘာခြံများဆုံးတော့ လယ်ကွင်းများကို တစ်မျှော်တစ်ခေါ်လှမ်းမြင်ရသည်။
ထိုလယ်ကွင်းများကိုဖြတ်လျှောက်ကြရပြန်သည်.............။
လယ်ကွင်းများဆုံးတော့ တောအုပ်ကြီးတစ်ခုကို မြင်ရသည်။
ထိုတောအုပ်ကိုဖြတ်မည်ထင်သည်။သို့နှင့်ကျွန်တော်တို့ တောအုပ်ကိုစတင်
ဖြတ်သန်းကြတော့သည်။တောထဲဖြတ်လျှောက်ရသောကြောင့် လမ်းဟူ၍
မည်မည်ရရ မရှိ။ ရှေ့မှ ကာဆီးနေသောသစ်ပင်သစ်ကိုင်းများကို လမ်းပြများက
ခုတ်ထွင်ရှင်းလင်း၍ ခရီးဆက်ရသည်။အောက်မှ ရွှံ့ဗွက်များ သစ်ရွက်ဆွေးများသည်
ခြေသလုံးတစ်ဝက်ခန့်အထိ နစ်မြုပ်သည်....။ရန်ကုန်မှ တယုတယ ဝယ်ယူလာသော
ကောင်းပေ့ လှပေ့ ညွန့်ပေ့ ဆိုသော အဝတ်အစားများ ၊ ဝေါ့ကင်းရှုး..၊ ဟတ်ဖ်ရှုး ၊
ကင်းပတ်..၊စသည်များဖြင့်စတိုင်ကျကျ ဝတ်စားလာခဲ့သော ကျွန်တော်တို့သည်
ညစ်ပတ်ပေတူးလျှက် လူရုပ်ပင်မပေါက်တော့..................။
တစ်တောင်ခန့်နက်သော ရွှံ့ညွှံဗွက်တောထဲတွင် ဖြတ်သန်းလာသည်မှာ ၁ နာရီခန့်
ကြာသောအခါ လမ်းပြများက ခေတ္တနားစေပြီး သူတို့သယ်ဆောင်ယူငင်လာသော
ရေသန့်ဗူးများကို ၂ ယောက်လျှင် ၁ဗူးကျစီ လိုက်လံဝေငှသည်။ကျွန်တော်တို့လည်း
မောမောဖြင့်ရေသောက်ရင်း ခြောက်သွေ့သောနေရာရှာ၍ ခေတ္တနားလိုက်ကြသည်။
တစ်ကိုယ်လုံးလည်းချွေးများရွှဲနစ်နေသည်။ ၁၅ မိနစ်ခန့်နားပြီးသောအခါ ခရီးဆက်ကြ
ရပြန်သည်...။ရွှံ့နွံတွေကိုထပ်မံဖြတ်ကြသည်။ပေါင်ရင်းခန့်နက်သော ရေပြင်ကျယ်ကြီး
ကိုလည်းဖြတ်ကြသည်။တစ်နေရာအရောက်တွင် လူတစ်ရပ်ခန့်နက်သော ချောင်းငယ်
တစ်ခုကိုလည်း ဖြတ်ရသည်..။ထိုအချိန်မှစ၍ လူတိုင်းလူတိုင်း ချွေးတွေရော ..ဗွက်တွေရော
ရေတွေရော...တစ်ကိုယ်လုံး ရွှဲနစ်ကုန်ကြတော့လေသည်..........။

No comments:

Post a Comment