Thursday, September 16, 2010

ကော်ပီ ၅

စာမျက်နှာ ငါး ၃း၄၅..နာရီတွင်ဘန်ကောက်မြို့မှရထားစထွက်ပြီ....ရထားစထွက်သည်နှင့်ရင်ထဲတွင် ပျော်သလိုလို..စိုးရိမ်သလိုလို..ရင်ခုန်နေသည်..ပျော်၍ရင်ခုန်ခြင်းလော.... စိုးရိမ်စိတ်ဖြင့် ရင်ခုန်ခြင်းလော့......ကိုယ်တိုင်ပင် ဝေခွဲမရ။ခွဲခြမ်းစိတ်ဖြာရန်ပင်ခက်ခဲလို့နေတော့သည်။ မိမိမရောက်ဖူးသော....နေရာစိမ်း....ဒေသစိမ်းသို့......အရဲကိုး၍ထွက်သာလာခဲ့ရသည်။ ရှေ့ အနာဂါတ်တွင် ဘာတွေဖြစ်ပြီး ဘယ်လိုပုံစံဖြင့်ရင်ဆိုင်ရမည်ကိုမျှော်မှန်း၍မရ...... ပုံဖော်ရန်ပင်ခက်ခဲလျှက်.. မပီ ပြင်ဝေဝါး မှုန်မှိုင်းသောအတွေးတို့ ကသာ စိုးမိုးလို့နေသည်။မည်သို့ပင်ဆိုစေကာမူ.........စွန့်စားလိုစိတ်......ကြိုးစား၍ငွေရှာလိုစိတ် တို့ကသာကြီးစိုးတွန်းအားပေးလျက်ရှိနေတော့သည်။ဟိုမှာကြည်စိုးလည်း ရှိတာပဲ........ သူများတကာတွေလည်း...ဒီလိုပဲသွားနေကြတာ ဒုးနဲ့ဒေး ငါလည်း သူဖာသာသူတော့ အဆင်ပြေသွားမှာပါ.......ကိုယ့်ကိုယ်ကို အားတင်းနေရသည်။ သို့သော်လည်း ထွက်မလာခင်က ကြားရသော သတင်းတွေကြောင့်.... ကြောက်စိတ်... စိုးရိမ်စိတ်တို့က ကြီးစိုး၍ လာပြန်သည်။ရင်ထဲ.. ဦးခေါင်းထဲတွင်ဖြစ်ပေါ်လာသော ခံစားချက်တို့ကို ပြေပျောက်စေရန် အလို့ငှာ..... ရထားလမ်း ဝဲ-ယာမှ ရှုခင်းများကို အဓိပ္ပါယ်မဲ့ ငေးမောရင်းလိုက်ပါလာခဲ့ကြသည်။အချိန်တို့ တစ်ရွေ့ရွေ့ ကုန်ဆုံးလျက်ညအမှောင်ထုက... တဖြည်းဖြည်း ကြီးစိုးလာခဲ့သည်။အနည်းငယ်ညောင်းညာလာသော ခန္ဓာကိုယ်ကို... ပြင်ဆင်ရင်း...တရေးတမော မှေးရန်...ကိုယ်ကိုလျော၍ခြေဆန့်ပြီး.....ထိုင်ခုံနောက်မှီကို မှီကာ.....မျက်လုံးများကိုမှိတ်ပစ်လိုက်သည်။တစ်ရေးအိပ်ပျော်သွားသည်။ ရထားတွဲတစ်တွဲုလုံးလည်း ခရီးသည်အားလုံးမှေးသူမှေး၊ အိပ်သူအိပ်လျက်...ညသည်တိတ်ဆိတ်လျက်.... ရထား ခုတ်မောင်းသံ.......သံလမ်းနှင့်ရထားဘီးတို့၏ ဖိကြိတ် ထိခတ်သံတို့ကသာ.. ပတ်ဝန်းကျင်တွင်စိုးမိုးလို့နေတော့သည်။ “သားငယ်” “ဘာလဲ” “ဒို့ ရထား HAT YAI ကို ဘယ်အချိန်ရောက် မှာလဲ” “မနက် ၈နာရီ ၉နာ၇ီလောက် တော့ရောက်မယ် ထင်တာပဲ” ရှေ့မှ ယပက်လက် မလေးများက ကျွန်တော်တို့ကို လက်ညှိုးထိုး၍ “နီ...ဖားမား” ဟု မေးပြောုပြောသည်။ကျွန်တော်တို့ ကလည်း ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။ဗမာ လား ဟုမေးခြင်းဖြစ်မည်။ဘယ်အချိန်ရောက်မလဲ မေးလည်း မရ၊ နားမလည်။သူတို့က “နီ...ဟရိုင်” ဟုမေးသည်။ ကျွန်တော်တို့က“ယား”ဟုဖြေသည်။ကျွန်တော်က ရှေ့မှ ယပက်လက် မလေး များအား ရထားကိုလက်ညှိုးထိုးပြပြီးနောက်လက်ဖြင့် ရထား သွားသည့် ပုံသဏ္ဌန်လုပ်ပြ၍ “နီ...ဟရိုင်း” ပြောပြီးနာရီကို လက်ညှိုး ထိုးပြီး နာရီလည်သည့် ပုံသဏ္ဌန်လုပ်ပြခါ ၁၁ နာရီခန့် တွင်လက်ညှိုး ထောက်ရပ်လိုက်ပြီး မေးလိုက်သည်။ ဒီရထား ဟရိုင်းကို ၁၁ နာရီ ရောက် မှာလား ဟုမေးခြင်းဖြစ်သည်။တမင်တကာ အချိန်ကိုပို ၍ ပြလိုက်ခြင်းဖြစ်သည်။သူတို့ကလည်း သဘောပေါက်ပုံရသည်။ လက်ခါပြ၍ သူ့နာရီကို လက်ညှိုးထောက်၍ ပြသည်။၈ နာရီခွဲခန့် ကျွန်တော်“သြော်”ဆိုပြီးနားလည်လိုက်ရသည်။ဒီရထား ဟရိုင်းကို ၈နာရီခွဲခန့်တွင်ရောက်မည်ဖြစ်သည်။ဒါနဲ့ပဲမိုးလင်းခဲ့သည်။တချို့လည်း ကြားဘူတာများတွင်တဖြုတ်ဖြုတ်ဆင်းသွားကြသည်။ ရထားတွဲထဲတွင် လူသိပ်များများ စားစား မရှိကြတော့။သုံးပုံ တစ်ပုံ ခန့်လောက် သာကျန်တော့သည်။ နံနက် ၈ နာရီသာသာခန့်တွင် HAT YAI သို့ရထားဆိုက်သည်။ ရထားပေါ်မှ ကိုယ်အိတ်ကိုဆွဲ၍ဘူတာအပြင်ဘက်သို့ထွက်ခဲ့ကြသည်။ ဘူတာအပြင်သို့ ရောက်သည်နှင့် “အစ်ကိုတို့ လာ...လာ ... ကျွန်တော်တို့ကားနဲ့ လိုက်ခဲ့... ဟိုရောက်မှ ရေမိုးချိုး ခေတ္တနားပြီး.....အကိုတို့ အဆင်ပြေမယ့် အေးဂျင့်နဲ့ သွားလို့ရတယ်.....ကျွန်တော်တို့ဆီမှာ တည်းလို့.... ကျွန်တော်တို့ Tour နှင့်သွားရမယ်လို့ မဆိုလိုပါဘူး........” ကျွန်တော်တို့လည်း ကြုံရာကားဖြင့်တက်လိုက်ခဲ့ကြသည်။့HAI YAI မြို့လေးသည်နယ်စပ်မြို့ ဖြစ်သော်လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြင့်အေးချမ်းတိတ်ဆိတ်လျှက်နေချင့်စဖွယ်ပင်။ ကျွန်တော်တို့သည် မလေးရှားသွားလိုသူများကို ပို့ပေးသော T - Tour ရှိရာ( ရုံးခန်း နှင့် အိမ်တွဲလျှက်) သို့ရောက်ခဲ့ကြသည်။အောက်ထပ်တွင် ရုံးခန်း နှင့်ဧည့်ခန်း၊ အပေါ်ထပ်တွင် ခရီးသည်များ နားနေခန်း၊ အိမ်သာ ရေချိုးခန်းများ စီစဉ်ပေးထားသည်။ကျွန်တော်တို့ ရောက်သည်နှင့် ဧည့်ခန်းတွင် ခေတ္တထိုင်စေပြီး မလေးလမ်းကြောင်းအကြောင်းရှင်း ပြသည်။KL အရောက် အစိမ်း ၂ ရွက်ယူကြောင်း၊ KL ရောက်ပါက ဆက်သွယ်လိုသူကို ဆက်သွယ်ပေးမည်။မိိမိသွားလိုသော နေရာသို့ မသွားတတ်က လိုက်ပို့ပေးမည်။ လူခံမရှိသောသူများအတွက်လည်း နေရာထိုင်ခင်းက အစ... အလုပ်ရရှိရေးပါစီစဉ်ပေးမည်ဟု ပြောပြ ရှင်းပြသည်။မိမိတို့ Tour နှင့် မနှစ်သက်ပါက အခြားမည်သည့်Tour နှင့်မဆို သွားလိုက သွားနိုင်ကြောင်း..အခုလောလောဆယ် ဒီမှာပဲ အေးအေးဆေးဆေး ရေမိုးချိုး အနားယူပြီး ခေတ္တနားနေနိုင်ကြောင်း၊ ကျွန်တော်တို့နှင့် လုပ်ဖြစ်ပါက တဦးလျှင်အစိမ်း ၂ ရွက် နှင့် ပတ်စ်ပို့စ် စာအုပ် ကြိုတင်၍ရုံးခန်းတွင် လာပေးရန် ပြောပြသည်။ကျွန်တော်တို့ နှစ်ယောက်လည်း အိတ်ကိုယ်စီဆွဲ၍ အပေါ် ထပ် သို့ တက်ခဲ့ကြသည်.....................။ တစ်ညလုံးရထား စီးလာရသောကြောင့်တစ်ကိုယ်လုံးညောင်းညာ၍ ငြီးစီစီဖြစ်နေသည် ထို့ကြောင့်ရေချိုး၊အပေါ့အပါးသွားပြီးတစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်လိုက်ပြီး အဝတ်အစားလဲကာခေတ္တခဏလဲလျှောင်းရင်း ကြောဆန့်လိုက်သည်။.. “ ဟေ့ကောင်..သားငယ်..အခြေအနေဘယ်လိုလဲ...”.... ..“ငါခုနက..မင်းရေချိုးနေတုန်း..အောက်ထပ်ကရုံးခန်းမှာ..အခြေအနေသွားလေ့လာကြည့်တာ.. ဒီကောင်တွေငါတို့ကို..တောလမ်းကနေပဲပို့လိမ့်မယ်ဂိတ်ကနေဝင်လို့ မရဘူး...ရုံးခန်းထဲမှာ.. ဘဲတစ်ပွေနှဲ့တော့..တံခါးပိတ်ပြီး..အခြေအတင်... ပြောနေသံတစ်စွန်းတစတော့ကြားတယ်.... သူ့စော်..KL..ကိုရောက်မလာလို့..သူကိုယ်တိုင်လိုက်လာပြီးလာရှာတာလို့..ပြောနေသံကြားတယ်... ပိုက်ဆံပြန်တောင်းနေတာ..အေးဂျင့်က..ပေးမပေးတော့ငါလည်းမသိဘူး...ဘာတွေမှန်းလဲ မသိပါဘူးကွာ..ငါလည်းခေါင်းတောင်စားလာပြီ.....” “ ဒါဆိုရင်..ဘယ်လိုလုပ်ကြမလဲ.....” ..“မတတ်နိုင်ဘူးလေ..ဒီအထိတောင်ရောက်လာပြီပဲ...ဘာပဲပြောပြော..ငါတို့ဘန်ကောက်က ပွဲစားနဲ့...လာတာနဲ့စာရင်..ဒီမှာကအစိမ်းနှစ်ရွက်လောက်သက်သာတာပဲ..ဘန်ကောက်က ပွဲစားတွေနဲ့ချိတ်ရင်ငါတို့တစ်ယောက်ကို..အစိမ်းလေးရွက်လောက်ပေးရမှာ... ဘန်ကောက်ကပွဲစားတွေလည်း..ဒီ.Hat Yai..ကTour..တွေဆီအပ်မှာပဲ....” ..“အေးလေ...ငါတို့နှစ်ယောက်ထဲသွားရမှာမှမဟုတ်တာ...တစ်ခြားငါတို့လိုသွားမဲ့လူတွေလဲပါဦးမှာပဲ... အဖေါ်ဘာလေးပါတော့အားရှိတာပေါ့ကွာ...သူတို့လဲ..တစ်ယောက်စနှစ်ယောက်စနဲ့တော့... ပို့မှာမဟုတ်လောက်ပါဘူး...” ..“အဲဒါဆို...မင်းဆီမှာပါလာတဲ့အစိမ်းအရွက်ကြီးတွေထုတ်ငါ့မှာတော့...တစ်ရွက်ပဲပါတယ်.... မင်းဆီကအစိမ်းတစ်ရွက်ငါ့ကိုခဏချေး......” ..“အေးပါ..ရပါတယ်....” ပြောပြောဆိုဆိုကျွန်တော့် ဂျင်းဘောင်းဘီ ခါးတံဆိပ်အောက်တွင် ဝှက်ယူလာသောအစိမ်းအရွက်ကြီး လေးရွက်ကိုထုတ်ယူရန်အတွက် ဘလိတ်ဒါးဖြင့်တံဆိပ်ကိုချုပ်ထားသောချုပ်ရိုးကိုလှီးဖြတ်လိုက်သည် အစိမ်း ၁၀၀ တန်လေးရွက်ထွက်လာသည်..။.. “ ရော့..” သားငယ်ကို ၃ရွက်ပေးလိုက်သည်။ကျန်တစ်ရွက်ကိုခရီးဆောင်အိတ် အတွင်းရှိ အတွင်းအိတ်ငယ်ကလေး အတွင်းသို့လက်ကိုင်ပုဝါဖြင့် သေချာပတ်၍ မှတ်မှတ်ရရထည့်ပြီး ဇစ်ကိုဆွဲပိတ်လိုက်သည်။ ခရီးဆောင်အိတ်ကိုသော့ခတ်လိုက်ပြီး သော့ချောင်းကိုဂျင်းဘောင်းဘီ ရှေ့ဖက်အိတ်၏အပေါ်ခါးနားတွင်ရှိ အိတ်အသေးလေးထဲသို့ထည့် သိမ်းလိုက်သည်....။သားငယ်သည် ကျွန်တော့်ပတ်စ်ပို့ကြားနှင့် သူ့ပတ်စ်ပို့ကြားတွင်အစိမ်းနှစ်ရွက်စီညှပ်၍အောက်ထပ်သို့ဆင်းသွားသည်။ ၎င်းကျွန်တော့ထံမှ ချေးယူသောအစိမ်းတစ်ရွက်သည်ယနေ့အထိ ပြန်မရတော့ပေ...။မချေးလျှင်လည်းမဖြစ်တော့သော အနေအထားမဟုတ်လား............။ ၁၁း၃၀နာရီခန့်တွင် ကျွန်တော်တို့သည် ဘင်ကားများဖြင့် Hat Yai မှစတင်ထွက်ခွါလာခဲ့ကြသည်။ ဘင်ကားတစ်စီးတွင်လူ လေးငါးယောက်ဖြင့်ဘင်ကားစုစုပေါင်း၃စီးခပ်သွက်သွက်မောင်းနှင်လာကြသည်။ စုစုပေါင်းမလေးသွားမည့်လူ(၁၆)ယောက်(မိန်းကလေးတစ်ယောက်အပါအဝင်)လိုက်ပါလာသည် ဟုသိရသည်..။W..Tour...မှ..ရှစ်ယောက်...ကျွန်တော်တို့..T.Tour..မှ.. ၅ယောက်..အခြားTour..တစ်ခုမ ၃ ယောက်စသဖြင့်..Hat Yai..ရှိ Tour..များ စုပေါင်း၍လမ်းကြောင်းတစ်ခုတည်းမှပို့ကြခြင်းဖြစ်သည်။ ဘယ် Tourနှင့်သွားသွားဒီခရီးကိုဒီဈေးနှုံးအတိုင်းသာဖြစ်သည်။ ထို့ကြောင့်သူတို့လမ်းကြောင်းကိစ္စရှင်းပြစဉ်က မိမိTour နှင့်မနှစ်သက်ပါက အခြားမည်သည့် Tour နှင့်မဆိုသွားလိုကသွားနိုင်ကြောင်းဟုပြောခြင်းဖြစ်မည်။ ယခုအချိန်အထိတော့လမ်းကြောင်းကအေးဆေး။ဘာအနှောင့်အယှက်မှမရှိ။ ညနေ ၃ နာရီလောက်တွင် Motel တစ်ခုသို့ရောက်သည်။ ဘယ်နေရာရောက်၍ရောက်နေကြမှန်းမည်သူမှမသိကြ။ထို Motel တွင် တစ်ရက်တာခေတ္တတည်းခိုရန်သူတို့စီစဉ်ပေးသည်။တစ်ရက်ဆိုသည်မှာလည်း နောက်နေ့မှ သိရခြင်းဖြစ်သည်..။ကျွန်တော်နှင့်သားငယ်က တစ်ခန်း ကျန်လူတွေကလည်းသူတို့အတွဲနှင့် သူတို့အသီးသီးဝင်၍အနားယူ ကုန်ကြသည်...။လိုက်ပို့သောကားများလည်းလူများအားအခန်းသော့များ ပေးအပ်ပြီးသည်နှင့်ပြန်သွားကြသည်။Motel တွင်မလေးသွားမည့်သူများသာ ကျန်ရစ်ခဲ့ကြသည်.။ ကျွန်တော်လည်းဖြစ်ချင်ရာဖြစ်ကွာဟု စိတ်ပိုင်းဖြတ်၍ရေမိုးချိုးပြီးကုတင်ပေါ် သို့ပစ်လှဲလိုက်ရာညကတစ်ညလုံးလည်းအိပ်ရေးဝအောင်ကောင်းကောင်း မအိပ်ခဲ့ရသောကြောင့်ခဏတွင်းချင်းပင် အိပ်ပျော်သွားသည်။မှောင်ရီပျိုးစ အချိန်တွင် နိုးလာပြီးဗိုက်ဆာသောကြောင့်အနီးအနား ပတ်ဝန်းကျင်သို့ လျှောက်ကြည့်၍ဆိုင်တစ်ဆိုင်တွေ့သည်နှင့်ကျွန်တော်နှင့်သားငယ် ခေါက်ဆွဲပြုတ် တစ်ယောက်တစ်ပွဲနှင့်အအေးတစ်ပုလင်းစီ မှာယူစား သောက်လိုက်ကြသည်။တစ်ယောက် ၂၅ ဘတ် စီပေးရသည်။ခေါက်ဆွဲပြုတ် ဘတ် ၂၀ အအေး ၅ ဘတ်ဖြစ်သည်...။တည်းခိုခန်းပြန်ရောက်တော့ Motel ရှေ့ပရဝုဏ် အတွင်းရှိ တည်းခိုသူများ အပန်းဖြေနားနေရန် စီစဉ်ပြုလုပ်ထား သော ပန်းခြံငယ်လေးအတွင်း မလေးသွားမည့်သူများစုရုံးစုရုံးဖြင့် မလေးလမ်းကြောင်းအနေအထား အခြေအနေကို ငြင်းခုံဆွေးနွေး နေကြသည်......။ ..“ တို့ဒီ Motel မှာ...ဘယ်လောက်ကြာကြာနေရမှာလဲ......” ..“ ဒီကောင်တွေ..ငါတို့ကိုထားပြီးဘယ်တော့လာခေါ်မှာလဲ....” ..“ ဖုန်းနံပါတ်.....ဖုန်းနံပါတ်....သူတို့ဖုန်းနံပါတ်သိတဲ့လူမရှိဘူးလား......” ..“ကျွန်တော်သိတယ်..ကျွန်တော်လိုလိုမယ်မယ်..ရုံးခန်းကလိပ်စာကတ်တစ်ခုယူထားလိုက်တယ်.....” တစ်ယောက်သောသူက သူ့ပိုက်ဆံအိတ်အတွင်းထည့်ထားသော လိပ်စာကတ်ကိုထုတ်ပြသည်...။ ..“ တော်သေးတာပေါ့...နောက်နေ့ကျရင် သူတို့ကို ဒီမိုတယ်ကနေ ဖုန်းဆက်ခေါ်ရမယ်” ..“ ငါတို့ကိုဒီမှာထားခဲ့ပြီး ဘတ်သွားပြီထင်တယ်.....” ..“ မိုတယ်ကမောင်းချရင် တို့တော့ဒုက္ခဖြစ်ပြီ...” ..“ ဘယ်လိုလုပ်ကြမလဲ...” ..“ ကျွန်တော်က မိန်းမရတာ ၆ လလောက်ပဲရှိသေးတယ်..ဒီလိုမှန်းသိရင်.... မလာပါဘူး..” ဟုငိုမဲ့မဲ့ဖြင့်နောက်သလိုပြောင်သလိုပြောသည်။ကျန်လူများ တစ်ဝါးဝါး တစ် ဟားဟားဖြင့် ဝိုင်းဟားကြသည်....တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံပွက်လောရိုက်နေတော့သည်........။ ထိုအချိန်အခိုက်အတန့်ကာလလေးသည် ပျော်စရာကောင်းသလို စိတ်ညစ် စရာလည်း အလွန်ကောင်းသည်...........။

No comments:

Post a Comment