Tuesday, October 5, 2010

စာမျက်နှာနှစ်ဆယ့်ငါး ကော်ပီ

အပိုင်း ( ၃ )

စာမျက်နှာ နှစ်ဆယ့်ငါး

“ ဟေ့ကောင်...သိန်းအေး...ဆိုင်အခြေအနေ ဘယ်လိုရှိလဲ...”
“ ဟာ...ဟေ့ကောင်ကြီး..မင်းဘယ်တုန်းကပြန်ရောက်လဲ..ငါ့ဆီတောင် ဖုန်းလေးဘာလေး
တောင် မဆက်ဘူး...”
“ ငါလည်း...ဖုန်းဆက်ဖို့လုံးဝကိုမအားတာဟေ့ကောင်ရေ့...”
“ မင်းဘာတွေအလုပ်ရှုပ်နေတာလဲ..ဆိုင်ကတော့ပုံမှန်ပါပဲ...”
“ ငါ့မိန်းမအဖေ...နေမကောင်းလို့ မန္တလေးကကိစ္စတွေ...တိုးလို့တန်းလန်းထားခဲ့ပြီး..ရန်ကုန်
ကို အားချင်းပြန်ဆင်းလာခဲ့တာ..ပြန်ရောက်ရောက်ချင်းဆေးရုံတင်လိုက်ရတယ်ကွာ...”
“ ဟင်...မင်းဟာကလည်း...ဖြစ်လိုက်ရင်အသည်းအသန်ချည်းပဲ...”
“ အေးကွာ...ဘယ်လိုကဘယ်လိုစပြောရမှန်းတောင် မသိတော့ပါဘူးကွာ...”
“ ကဲ..ဒါဆိုရင်လည်းပြောမနေနဲ့တော့..မင်းဟာတွေကစိတ်ညစ်စရာတွေချည်းပဲ....”
“ သြော်...ဒါနဲ့..ငါမန္တလေးမှာ..ကိုသက်နိုင်နဲ့တောင်တွေ့သေးတယ်...”
“ ဟုတ်လား..”
“ ငါတို့နှစ်ယောက်..ဘီယာဆိုင်ထိုင်ရင်း..အေးအေးဆေးဆေးစကားပြောဖြစ်ကြသေးတယ်..
“ စ ” မှာနေခဲ့တဲ့အကြောင်းတွေရော...စီးပွါးရေးကိစ္စတွေရော...စုံလို့ပါပဲကွာ...”
“ အခုဒီကောင်...ဘာတွေလုပ်နေလဲ...”
“ အင်း....သူ့သူငယ်ချင်းတစ်ယောက်ရဲ့စားသောက်ဆိုင်မှာ”
“ ဘာလုပ်နေတာလဲ...”
“ ဘာရယ်လို့တော့အတိအကျမသိဘူးကွ...ကူဖေါ်လောင်ဖက်သဘောမျိုးနေမှာပေါ့...
မင်းကိုတောင်မေးသေးတယ်...ကိုသိန်းအေးတစ်ယောက် ဘာတွေလုပ်နေလဲတဲ့...”
“ သူနဲ့ငါ...“ စ ” မှာတော်တော်တွဲဖြစ်လိုက်သေးတယ်...”
“ ဒါကြောင့်...မင်းနဲ့ပါတ်သက်သမျှကိစ္စ တော်တော်များများသူသိနေတာကိုး...”
“ ကဲ..ကဲ..ဒါတွေခဏထားဦး...မင်းနဲ့ငါ ဆိုင်ကိစ္စ စာရင်းရှင်းရဦးမယ်...”
“ မင်းကလဲ...ဖြေးဖြေးပေါ့...မင်းနဲ့ငါနဲ့က ဒီလောက်အထိ ပြောရမဲ့လူတွေမဟုတ်ပါဘူးကွာ..
နောက်မှအေးအေးဆေးဆေး စားရင်းသောက်ရင်း ရှင်းတာပေါ့...”
“ အေး...မင်းပြန်ရောက်ပြီဆိုတော့ နောက်နေ့ကစပြီး ဆိုင်ကိုမင်းလာထိုင်တော့...ငါခဏ
နားဦးမယ်...”
“ ဟာ..ဟေ့ကောင်...အဲ့ဒီလိုမလုပ်နဲ့လေကွာမင်းကလဲ...ငါ့ယောက္ခမကြီး ဆေးရုံတင်ထား
ရလို့ ပစ်ထားလို့မကောင်းဘူးလေကွာ...၂ ရက်ခြားတစ်ခါတော့ ဆိုင်လာထိုင်ပေးပါကွာ...”
“ အေးပါကွာ...အေးပါကွာ...”
ကျွန်တော်နှင့်အောင်အောင်က Royal Garden Restaurant ကို နှစ်ဦးသဘောတူ ရှယ်ဖွင့်
ထားခြင်းဖြစ်သည်။ကျွန်တော်က ပိုက်ဆံမရှိသဖြင့် ခြံစိုက်ပြီး အောင်အောင်က ဆိုင်အတွက်
လိုအပ်သမျှငွေကြေး အကုန်ုစိုက်သည်။မြတ်သည့်အမြတ်ကို နှစ်ဦးသဘောတူ အညီအမျှ ခွဲ
ဝေယူသည်။ ဒီကောင်နှင့်အလုပ်တွဲလုပ်ရသည်မှာ အေးအေးဆေးဆေးပင် ဘာပြဿနာ
ဘာအခက်အခဲမှမရှိ။ကိစ္စအကြောင်းကြီးငယ်ရှိပါက နှစ်ဦးတိုင်ပင်ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်း
လိုက်ကြသည်။ဒီကောင်ကမန္တလေးသား ကျွန်တော်နှင့်“ စ ” မှာခင်မင်ခဲ့ပြီး သူ့စရိုက် သူ့အမူ
အကျင့်တို့ကို လေ့လာကြည့်ရသလောက် သဘောထားလေးကမဆိုး ဘော်ဒါကဏ္ဍပြည့်ဝ
သည် ထို့ကြောင့် သူနှင့်တွဲဖြစ်သွားသည်။ ရန်ကုန်ပြန်ရောက်တော့လည်း မကြာခဏ တွေ့ဖြစ်
ကြပြီး ၂ နှစ်လောက်အကြာမှာမှ ဒီဆိုင်ကိုနှစ်ဦးသဘောတူ ဖွင့်ဖြစ်ခဲ့ခြင်းဖြစ်သည်။ဒီကောင်နှင့်
ကျွန်တော် ကံစပ်သည်ဟုပြောရမည်။ဆိုင်လေးကမဆိုး အသင့်အတင့်ရောင်းအားကောင်းပြီး
တစ်ဖြည်းဖြည်း နာမည်ရလာသည်။ဆိုင်ကိုကျွန်တော့်စိတ်ကြိုက် ပြင်ဆင်စေသည်။လိုအပ်သ
မျှ ငွေကြေးသူထုတ်သည်။ဆိုင်ကိုတစ်ယောက်တစ်လှည့် ဦးစီးသည်။ကိစ္စအကြောင်းကြီးငယ်
ရှိမှ နှစ်ဦးသဘောတူ နားလည်မှုယူ၍ စီစဉ်ဆောင်ရွက်သည်။သူကလည်းကျွန်တော့်ကို
ယုံကြည် သလိုကျွန်တော်ကလည်းသူ့ကိုယုံကြည်သည်။ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး နားလည်
ယုံကြည်မှုရှိ လို့လည်း လုပ်ရကိုင်ရသည်မှာ အဆင်ပြေခြင်းဖြစ်သည်။ မိတ်ဆွေအပေါင်းအ
သင်းများပေါင်းသင်း ဆက်ဆံရာတွင် တစ်ဦးနှင့်တစ်ဦး နားလည်ယုံကြည်မှုရှိရန် အတော်ခက်
ခဲသော ကိစ္စရပ်ဖြစ်သည်။
တစ်နှစ် နှစ်နှစ် မျှ ပေါင်းသင်းဆက်ဆံရုံဖြင့် လူတစ်ယောက်၏အတွင်းစိတ်သဏ္ဍန်ကိုသိရှိနိုင်
ရန် မလွယ်ကူပေ...။
“အန်ကယ်...နေထိုင်ကောင်းသွားပြီလား...”
အောင်အောင့် ယောက္ခထီးက မော့ကြည့်ရင်း...
“ သြော်...အေးအေး...သက်သာသွားပါပြီကွယ်...မင်း..မောင်အောင့်သူငယ်ချင်းလား...”
“ ဟုတ်ပါတယ်အန်ကယ်...အန်ကယ်ဆေးရုံတက်နေတုန်းလာမကြည့်နိုင်တာ ခွင့်လွှတ်ပါနော်
ဆိုင်မှာကျွန်တော်တစ်ယောက်တည်းဖြစ်နေလို့ ဘယ်လိုမှမအားလပ်အောင် အလုပ်များနေလို့
ဒီမှာ...အန်ကယ့်အတွက် အဟာရဖြစ်စေမဲ့ အစားအစာလေးတွေ ဝယ်လာခဲ့တယ်...”
“သြော်..ဒုက္ခရှာလို့ကွယ်...မောင်အောင်က အန်ကယ့်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ဆိုင်မှာမင်း
တစ်ယောက်တည်းဦးစီးနေရတာကို အန်ကယ်သိပါတယ်..ကိစ္စမရှိပါဘူးကွယ်...ဒီလိုပဲပေါ့..”
“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်အန်ကယ်...အောင်အောင်တစ်ယောက်ကော..မတွေ့ပါလား..”
“ အန်ကယ့်အတွက်ဆေးသွားဝယ်နေတယ်..ပြန်ရောက်ခါနီးပါပြီ...”
ကျွန်တော်တို့ ထိုင်စကားပြောနေစဉ် နာရီဝက်ခန့်အကြာတွင် အောင်အောင်ပြန်ရောက်လာ
သည်။
“ သိန်းအေး...ရောက်တာကြာနေပြီလား...”
“သိပ်မကြာသေးပါဘူး...”
“အဖေ့အတွက်ဆေးသွားဝယ်နေတာ..”
“အန်ကယ်ပြောပါတယ်...အဆင်ပြေခဲ့ရဲ့လား...”
“ အင်း...အဖေဒီမှာဆေးတွေ...”
“အဖေ့အခန်းထဲကစားပွဲပေါ်တင်ထားလိုက်မောင်အောင်...”
အောင်အောင် အခန်းထဲသို့ဆေးဝင်ထားပြီး ပြန်ထွက်လာသည်။
“ဟေ့ကောင်...ကော်ဖီသောက်မလား...”
“မသောက်တော့ပါဘူးကွာ...”
“ဒါဆိုရင်လည်း...ခဏစောင့်..ငါရေမိုးချိုးလိုက်ဦးမယ်...”
“အေး..အေး...”
တစ်အောင့်ကြာတော့ အောင်အောင် ရေချိုးပြီး အဝတ်အစားလဲကာ ပြန်ထွက်လာပြီး
“လာကွာ ငါတို့သွားကြရအောင်...”
“အန်ကယ်...သွားလိုက်ပါဦးမယ်...”
“သြော်..အေးအေး..ကောင်းပါပြီကွယ်...”
“မင်းမိန်းမကော...”
“ကလေးတွေကျောင်းသွားပို့နေတယ်...”
သို့နှင့်ကျွန်တော်တို့နှစ်ယောက်ဆိုင်သို့သွားရန်ထွက်လာခဲ့ကြသည်။
“ဟေ့ကောင်...သိန်းအေး...”
“ဘာလဲ...”
“ငါ..မင်းကိုပြောရမှာလည်းအားနာတယ်...”
“ပြောမှသာပြောပါကွာ...မင်းနဲ့ငါနဲ့က အားနာရမယ့်လူတွေမှမဟုတ်တာ..ဘာကိစ္စလဲ...”
“ဒီလိုကွ...ငါနောက်အပါတ်ကျရင်..မန္တလေးပြန်သွားရဦးမယ်..မင်းကိုလည်းအားနာတယ်
ကွာ..ငါ့ကိစ္စတွေကမပြတ်သေးဘူးဖြစ်နေတယ်...ကျေးဇူးလဲတင်တယ်..အားလဲအားနာ
တယ်..တောင်းလဲတောင်းပန်တယ်..ဆိုင်ကိုမင်းတစ်ယောက်တည်းကိုင်တွယ်နေရတာ..”
“ရပါတယ်ကွာ...ငါနားလည်ပါတယ်..မင်းသက်သက်မဲ့အချောင်ခိုနေတာမှမဟုတ်တာ..
လူဆိုတာဒီလိုပဲပေါ့..ကိစ္စများမြောင်လူတို့ဘောင်တဲ့..အဲ့ဒီလိုများပြားတဲ့ကိစ္စတွေကြားထဲ
ဘယ်လိုလှုပ်ရှားကိုင်တွယ်ရမလဲဆိုတာသိဘို့အရေးကြီးတယ်...မင်းဗျာများနေတဲ့အချိန်မှာ
ငါတတ်နိုင်သလောက်..ကူညီပံ့ပိုးပေးခွင့်ရတာ...ကျေနပ်ပါတယ်...ဘာမှတောင်းပန်စရာမ
လိုပါဘူးကွာ..ကျေးဇူးတင်စရာလည်း မလိုပါဘူး..မင်းနဲ့ငါနဲ့က လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေ
တွေပဲဟာ...”
“ကျေးဇူးတင်တယ်သူငယ်ချင်းရာ...ငါမင်းနဲ့စပ်တူရှယ်ယာလုပ်မိတာ..အဆင်ပြေစိတ်ချမ်းသာ
တယ်ကွာ...”
“ငါလည်းမင်းလိုပါပဲကွာ...”
“ငါမန္တလေးမသွားခင်အထိ..မင်းအိမ်မှာကောင်းကောင်းအနားယူနေပါ...ဆိုင်ကိုလုံးဝမလာနဲ့
ဆိုင်ကိစ္စခေါင်းထဲမထည့်နဲ့..မင်းမိသားစုနဲ့..အေးအေးဆေးဆေး အနားယူအပန်းဖြေ အားမွေး
လိုက်ဦး....”
“အေးပါ...”
“ငါတို့..လက်ဘက်ရည်သောက်ဖို့အချိန်ရပါဦးမလား...၁၀ နာရီကျော်နေပြီ...”
“ရပါတယ်..ဆိုင်ကကောင်လေးတွေဆီ..နောက်ကျမယ်လို့ ဖုန်းလှမ်းဆက်လိုက်ပေါ့...သူတို့ကို
လုပ်စရာရှိတာ ပုံမှန်အတိုင်းလုပ်ခိုင်းထားလိုက်...သူတို့လည်းနားလည်နေကြပါပြီ...သိပ်ခိုင်း
စရာတောင်မလိုတော့ပါဘူး...”
လက်ဘက်ရည်ဆိုင်ရောက်တော့ အောင်အောင်လက်ဘက်ရည်ဆိုင်မှဖုန်းဖြင့် ကောင်လေး
တွေဆီလှမ်းမှာနေသည်။ကျွန်တော်တို့နှစ်ယောက်သားလက်ဘက်ရည်သောက်ပြီး ဆိုင်သို့
နေ့လည် ၁ နာရီခန့် ရောက်ကြပြီး ထိုနေ့က ဆိုင်ကိုကျွန်တော်တို့နှစ်ယောက်စလုံး ဦးစီးကြပြီး နောက်
တစ်နေ့မှစ၍ ဆိုင်ကို ကျွန်တော်မသွားတော့ ။ အိမ်ကမိသားစုအတွက်အချိန်ပေးရဦးမည်...။
ကျွန်တော့်ဘဝလေးသည် ထိုမျှနှင့်ပင် ပြည့်စုံလုံလောက်ပြီဟုမှတ်ယူမိသည်။အချို့သည် ငွေ
ကြေးပြည့်စုံသော်လည်း မိသားစုဘဝမသာယာ...စိတ်ချမ်းသာမှုမရှိ...ဆန့်ကျင်ဖက်ဘဝတွေ
များစွာရှိသည် ။ပူလောင်နေသောဘဝတွေ...အဆင်မပြေသော...မတည်ငြိမ်သော...ခက်ခဲ
သော မိသားစုတွေများစွာ ရှိနေကြသည်။
ကျွန်တော့်ဘဝအတွက် ချစ်စဖွယ်သားသမီးများနှင့် မြတ်နိုးတွယ်တာဖွယ်ချစ်ဇနီးတို့နှင့် မိသား
စုဘဝလေး သာယာစိုပြည်အေးချမ်းလို့နေသည်..။အပူအပင်မရှိ အကြောင့်အကြကင်း၍
ပျော်ရွှင်ချမ်းမြေ့နေသော ကျွန်တော့်မိသားစုဘဝလေးကို ကျေနပ်နှစ်သက်နေမိတော့သည်။
ဒီလိုဘဝလေး ရရှိဖို့အရေးအတော်ပင်ရုန်းကန်လှုပ်ရှားခဲ့ရသည်။လက်ရှိဘဝလေးကို ပျက်စီး
သွားမှာ ဆုံးရှုံးရမှာ နှမျောမိသလို လက်လွတ်ပျောက်ကွယ်သွားမှာ စိုးရိမ်မိသည်ကတော့
အမှန်ပင်...။
။.............။.......................။....................။......................။....................။...................။

No comments:

Post a Comment