Thursday, October 14, 2010

စာမျက်နှာ နှစ်ဆယ့်ခြောက်

စာမျက်နှာ နှစ်ဆယ့်ခြောက်


“ ဟေ့ကောင်...သိန်းအေး...”
“ ဘာလဲ...”
“ငါတို့တောင်ကြီးကို ခေတ္တသွားလည်ပါတ်ကြရအောင်...”
“ မင်းကလည်း...ငါတို့မှမအားတာ..ဆိုင်ကိုဘယ်လိုလုပ်ထားခဲ့ရမှာလည်း...”
“ ဆိုင်ကို..မင်းအစ်ကိုကြီးကို ခေတ္တကြည့်ခိုင်းထားရင်ဖြစ်ပါတယ်...”
“ ဒါတော့..ဒါပေါ့...ငါ့မိသားစုကို မခွဲနိုင်ဘူး...”
“ မင်းကလည်း..သိပ်ကြာမှာမှမဟုတ်တာ...”
“ ဘယ်လောက်ကြာမှာလည်း...”
“ အလွန်ဆုံး တစ်လ...တစ်လခွဲပေါ့...”
“ ဟင်...အဲ့ဒီလောက်ကြာအောင် ဘာသွားလုပ်မှာလည်း...”
“ ဟိုမှာရဲညွန့် ရှိတယ်လေ...”
“ ငါသိပါတယ်...”
“ ငါတို့သွားတွေ့ကြရအောင်...မတွေ့တာလဲကြာပြီ နောက်ပြီးတောင်ကြီးက ဆင်ခြေဖုံး
တစ်နေရာမှာ ခြံတစ်ခြံ ရောင်းဖို့ရှိတယ်လို့ ရဲညွန့်က ပြောတယ်...အဲ့ဒီခြံလည်းကြည့်ရင်း
တို့လည်းအပန်းဖြေရင်းပေါ့ကွာ...”
“ ဘာလဲ..တောင်ကြီးမှာ နောက်ထပ် Restaurant ဖွင့်မလို့လား...”
“အခြေအနေကြည့်တာပေါ့ကွာ..အနေအထားလှရင် ဖွင့်သင့်ရင်ဖွင့်ကြရအောင်...”
“ မင်း... မလွယ်ဘူးထင်တယ်နော်...ရန်ကုန်နဲ့တောင်ကြီးပါတ်လည်ပြေးနေရမှာ...”
“ မင်းကလည်း ဆိုင်ဖွင့်ဖြစ်ရင်...မင်းကရန်ကုန်မှာထိုင်ရင်...ငါကတောင်ကြီးမှာထိုင်မှာပေါ့..”
“ ရဲညွန့်ကိုကော..ရှယ်ခိုင်းဦးမလား..”
“ သူစိတ်ဝင်စားရင်တော့...ရှယ်ပစေပေါ့...”
“ရဲညွန့်လည်း...စိတ်ဓါတ်ကောင်းပါတယ်...သူ့အခြေအနေကောဘယ်လိုလဲ...”
“ ဒီကောင်က...အောင်ပန်းမှာ...သစ်တော်ခြံနဲ့ လိမ္မော်ခြံရှိတယ်...သိပ်အကောင်းကြီးတော့
မဟုတ်ပါဘူး...”
“ ဟုတ်လား...”
“ ငါတို့..စားသောက်ဆိုင်အဆင်ပြေလို့...သူလည်းရှယ်ချင်တယ်ပြောတယ်...သူ့ခြံကိုရောင်းပြီး
ငါတို့တောင်ကြီးမှာ ဆိုင်ဖွင့်ဖြစ်ရင် သူလည်းပါမယ်ပြောတယ်...”
“ ဒါဆို..ကောင်းတာပေါ့...”
“ အဲ့ဒါ...ငါတို့တောင်ကြီးကိုသွားကြရအောင်...”
“ ဘယ်တော့လဲ...”
“နောက်လကုန်လောက်ပေါ့...”
သို့နှင့်ကျွန်တော်တို့နှစ်ယောက်သား စီစဉ်စရာရှိတာစီစဉ်လိုက်ကြပြီး နောက်တစ်လခန့်အကြာ
နှစ်ယောက်သားအဝေးပြေးကားဖြင့် ရန်ကုန်မှ တောင်ကြီးသို့ ထွက်ခွါလာခဲ့ကြသည်။
ကားစီးရင်း ပါတ်ဝန်းကျင်ကိုကြည့်ငေးရင်း အသင့်ယူဆောင်လာသော အရက်နှင့်စားစရာတို့ကို
စားသောက်ရင်း စကားတစ်ပြောပြောဖြင့် လိုက်ပါလာခဲ့ကြသည်။
“တောင်ကြီးမှာကျတော့ ပတ်ဝန်းကျင်ပါတ်လည်တစ်ခွင်လုံးက စိမ်းလန်းစိုပြည်ပြီး တောင်တန်း
တွေနဲ့ရှုခင်းတွေက နေရာတစ်ကာလှနေပြီးသားဆိုတော့ တစ်ကယ်လို့တောင်ကြီးမှာဆိုင်ဖွင့်ဖြစ်
ရင် ဆိုင်ကို ရန်ကုန်စတိုင်လ် နဲ့ဆန့်ကျင်ဖက် ပြင်ဆင်ရမယ်ကွ...”
“အေး..ဒါတော့ဟုတ်တယ်...သိန်းအေး...ရော့..မင်းတစ်ငုံချလိုက်...မင်းကဘယ်လိုစတိုင်လ်
လုပ်ချင်လဲ...”
အရက်ပုလင်းကို ပါးစပ်တွင်တေ့ပြီး တစ်ငုံမော့လိုက်ပြီး ရေကိုကဗျာကသီသောက် အာလူးကြော်
နှိုက်ဝါးပြီး
“ နေရာအနေအထားနဲ့ အခြေအနေကိုအရင်ကြည့်ဦးမယ်လေ...”
“အေးကွာ..ဟိုရောက်မှ..ငါတို့ဆွေးနွေးတိုင်ပင်ကြတာပေါ့...”
“ငါတို့..ငွေလိုက်နိုင်ပါ့မလား..တောင်ကြီးမှာ ခြံတွေက ဈေးမြောက်တယ်နော်...”
“ မင်းပြောသလိုပဲ..အခြေအနေကိုအရင်ကြည့်ကြတာပေါ့..တောင်ကြီးမှာ လက်ရှိဖွင့်နေတဲ့ တစ်ခြား
ဆိုင်တွေရဲ့ရောင်းအား...စားသုံးသူအနေအထား...ဆိုင်အဆင်အပြင်...အဲ့ဒါတွေကို အရင်လေ့လာ
ကြတာပေါ့...”ပြောရင်း အောင်အောင် ကျွန်တော့်ကို ရီဝေဝေကြည့်နေသည်
“ဒီလိုမှပေါ့ကွ...မင်းကအနေအထားကို အရင်မလေ့လာပဲနဲ့ ရမ်းလုပ်လို့မရဘူး...နောက်ပြီး နယ်ခံလူ
မဟုတ်တဲ့ငါတို့အတွက်က Chance နည်းတယ်...နယ်ခံလူ ရဲညွန့်ကိုပဲ အားကိုးရမှာပဲ...”
“ ဟိုရောက်မှ ငါတို့ ရဲညွန့်နဲ့ တိုင်ပင်ဆွေးနွေးကြတာပေါ့ကွာ...”
“ ငါလည်း ဒီကောင်နဲ့မတွေ့တာကြာပြီ...
“ ဒါနဲ့..သိန်းအေး..မင်းကိုစကားမစပ် ဖြတ်ပြောရဦးမယ်...“
ကျွန်တော်အရက်တစ်ငုံမော့နေရင်းမှ မေးငေါ့ပြီး
“ ဘာကိစ္စလဲ...”
“ ငါဟိုတစ်ခေါက် မန္တလေးကိုသွားတော့..သက်နိုင်နဲ့ တွေ့တဲ့ကိစ္စလေ...”
“အဲ့ဒါဘာဖြစ်လဲ...”
ကျွန်တော်နဲနဲရီဝေဝေဖြစ်လာပြီး အောင်အောင်လည်း နဲနဲမူးနေပုံရသည်။
“ သက်နိုင်က မင်းနဲ့ငါ အခုလက်ရှိ ဖွင့်နေတဲ့ဆိုင်မှာ သူလည်း ရှယ်ချင်လို့တဲ့...မင်းဘယ်လို
သဘောရလဲ...”
“မင်းကဘာပြန်ပြောလိုက်လဲ....”
“ ငါ...သိန်းအေးနဲ့တိုင်ပင်လိုက်ဦးမယ်လို့တော့ပြောလိုက်တယ်...”
“ မင်းကိုငါတစ်ခုပြောမယ်နော်...မင်းစိတ်မဆိုးနဲ့...”
“အေးပါ...မင်းနဲ့ငါက ဘယ်လိုနည်းနဲ့မှ စိတ်ဆိုးစရာအကြောင်းမရှိဘူး...ပြောမှာသာပြော...”
“ အခုလက်ရှိဖွင့်ထားတဲ့...ငါတို့ဆိုင်ဟာ ဆိုင်အတွက်ပြင်ဆင်စရာတွေ...ဆိုင်ကိုဒီထက်တိုးချဲ့ဖို့
လိုအပ်သလား...မလိုအပ်ဘူးလား...”
အောင်အောင်စဉ်းစားရင်း
“ မလိုအပ်ပါဘူး...ဒီအတိုင်းပြည့်စုံလုံလောက်နေတာပဲ...”
“ဒါဆို...သက်နိုင် ကရှယ်ချင်တယ်ဆို သူ့ပိုက်ဆံတွေ ဘယ်သွားသုံးရမှာလည်း မင်းစဉ်းစားလေ...”
“အင်း........အဲဒါတော့ဟုတ်တယ်...”
“ နောက်ပြီး...မင်းကို ငါတစ်ခုသတိပေးစရာရှိတယ်...”
“ဘာများလဲ...”
“ငါ့အနေနဲ့ကတော့..သက်နိုင်နဲ့ လုံးဝမပါတ်သက်ချင်ဘူး...”
“ ဘာဖြစ်လို့လဲ...”
“ တစ်ကယ်လို့များ..မင်းနဲ့သက်နိုင် ရှယ်ပြီးလုပ်ငန်းစပ်တူလုပ်မယ်ဆိုရင်...မင်းသဘောပဲ..ငါတော့
မင်းတို့နဲ့ မပါတ်သက်ချင်ဘူး...”
“ ဘာဖြစ်လို့လဲ...ငါ့ကိုလည်း နည်းနည်းပါးပါး ရှင်းပြဦးလေ...ငါ့ထက်စာရင် မင်းနဲ့သူနဲ့ကပိုပြီးပါတ်
သက်မှုရှိတယ်မဟုတ်လား...”
“ ငါက..မင်းရဲ့စိတ်ဓါတ်ကိုသိလို့...မင်းကိုသူနဲ့မပါတ်သက်စေချင်တာပါ...
" မင်းနဲ့ငါက အလုပ်တွဲလုပ်လာတာကြာပြီမဟုတ်လား..”
“အဲဒါကြောင့်...မင်းကိုငါက မထိခိုက်မနစ်နာစေချင်လို့ပြောနေရတာ...”
“ကဲ...ဒါဆိုရင်လဲ..ရှင်းရှင်းလင်းလင်းပြောကွာ....
အဝေးပြေး မှန်လုံကားကြီးသည် ခရီးသည်များကိုတင်ဆောင်၍ ရန်ကုန်မှတောင်ကြီးသို့
မနားတမ်း တောက်လျှောက် ပုံမှန်မောင်းနှင်နေသည်။လမ်းဘေးပါတ်ဝန်းကျင်တစ်ခွင်လုံး
မှာလည်း ညအမှောင်ထုကကြီးစိုးလျှက် လောကတစ်ခွင်လုံးအေးချမ်းတိတ်ဆိတ်လို့နေသည်။
ကျွန်တော်နှင့်အောင်အောင်သည် ရန်ကုန်မှယူလာသော အရက်တစ်လုံးနှင့်စားစရာများကို
စားသောက်ရင်း လိုက်ပါလာခဲ့ကြသည်။

No comments:

Post a Comment